ကြည်အေးရဲ့ ‘မီ’ နဲ့ ပိုင်ဖြိုးသုရဲ့ ‘မီ’

အားနာနာနဲ့ စပြောရရင်တော့ ခုစာစုမှာ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုအကြောင်း ကျွန်တော်သိပ်မပြောပြနိုင်ပါဘူး။ သူတို့လက်ထပ်ထားတာ သိပ်မကြာသေးဘူး ဆိုတာပဲ သိပါတယ်။ မြန်မာကားတွေ သိပ်မကြည့်ဖြစ်တော့ သူတို့ရဲ့ အနုပညာလမ်းကြောင်းကိုလည်း များများစားစားမသိပါ။ ပိုင်ဖြိုးသုကိုတော့ စာရေးဆရာ လင်္ကာရည်ကျော်ရဲ့ ဝတ္ထုတစ်ပုဒ်နဲ့ ဆက်စပ်ပြီး ကြားဖူးနေတာ ကြာပြီ။

ဒါရိုက်တာ ဏကြီးကို ပထမဆုံး သတိပြုမိတာကတော့ အိမ့်ချစ်သီဆိုပြီး ပန်းချီဆရာ အနုပညာရှင် ငြိမ်းချမ်းဆု သရုပ်ဆောင်ထားတဲ့ သီချင်းတစ်ပုဒ်မှာဖြစ်ပါတယ်။ ပညာရပ်ပိုင်းဆိုင်ရာနဲ့ မပြောတတ်ပေမယ့် အဲဒီတည်းက သူ့ရဲ့ရိုက်ကူးမှုတွေကို သဘောကျမိပါတယ်။ 

တစ်ခုထည့်တွက်ထားရမှာက ဝတ္ထုတွေကို ရုပ်ရှင်ပြန်အသက်သွင်းတိုင်း ပရိသတ်တွေ ကြုံရတဲ့ဖြစ်စဉ်တစ်ခုပါ။ ဒါကတော့ကိုယ့်ရင်ထဲက ပုံရိပ်နဲ့ ဒါရိုက်တာဖန်တီးလိုက်တဲ့ ပုံရိပ် ထပ်တူကျခြင်း မကျခြင်း ဆိုတဲ့ ပြဿနာပဲဖြစ်ပါတယ်။

မင်းသိင်္ခရဲ့ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားကို ကျွန်တော် အလွန်ကြိုက်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ကူးထဲက ကိုယ်ပိုင်ဆိတ်ဖွားနဲ့ ကျော်ဟိန်းရဲ့ ဆိတ်ဖွား ထပ်တူကျနေတာကို တွေ့ရတော့ စိတ်ထဲမှာ တကယ်အားရကျေနပ်မိပါတယ်။ ကျော်သူရဲ့ ဆိတ်ဖွားဆိုရင် လုံးလုံးကို သဘောမကျမိ။  ငါကြိုက်မှာမဟုတ်ဘူး ဆိုတာ မကြည့်မီကသိနှင့်သည် ပေါ့ဗျာ။ 

ဒါဟာ သရုပ်ဆောင်တွေရဲ့ အရည်အချင်းကြောင့်လား ကျွန်တော်တို့ရဲ့ အစွဲတွေကြောင့်လားတော့ ကျွန်တော်လည်း မဆုံးဖြတ်တတ်။

ဆရာမကြီးကြည်အေးရဲ့ မီ ဆိုရင်လည်း ကျွန်တော်တို့ရင်ထဲမှာ ပုံဖော်ထားတဲ့ ကိုယ်ပိုင် မီ တွေ ရှိကြမှာပါ။ မီအဖြစ် ပိုင်ဖြိုးသု သရုပ်ဆောင်မယ်ကြားရတော့ ပထမတော့ စိတ်ညစ်သွားတယ်။ ပိုင်ဖြိုးသုရဲ့ မျက်နှာပေါက်ဟာ ကျွန်တော့်ရင်ထဲက မီရဲ့ မျက်နှာပေါက်လောက် အားမကောင်းဘူးတွေးမိလို့ပါ။ 

နောက်တစ်ခုက ဆရာမကြီးကြည်အေးရဲ့ ဝတ္ထုတွေက ကျွန်တော်ဖတ်ဖူးသလောက်တော့ အပြောထက် အတွေးနဲ့ ခံစားမှုကို ဇောင်းပေးတဲ့ ဝတ္ထုတွေလို့ ထင်ပါတယ်။ မြန်မာကားတွေကလည်း သိတဲ့အတိုင်းပဲ အပြောကိုများများဦးစားပေးကြတာ ဆိုတော့ ဖြစ်ပါ့မလားလို့ တွေးမိ။ 

ဒါပေမဲ့ မီ Trailer ကိုကြည့်လိုက်တော့ တချို့အမြင်တွေ ပြောင်းသွားတယ်။ ပိုင်ဖြိုးသုရဲ့ မီ မျက်နှာကို သဘောအကျကြီးကျမိသလို သရုပ်ဆောင်မှုတွေကိုလည်း အကြိုက်တွေ့တယ်။ နောက်ခံ Setting တွေကိုလည်း သေသေချာချာ ဖန်တီးထားတာကို တွေ့ရပါတယ်။ ဒါရိုက်တာဏကြီး၊ သရုပ်ဆောင်ပိုင်ဖြိုးသု အပါအဝင် မီ ဖန်တီးသူ တစ်ဖွဲ့သားလုံးရဲ့ အနုပညာအပေါ်ထားရှိတဲ့ စေတနာကို ကျွန်တော်တို့ သံသယဖြစ်စရာ မရှိပါဘူး။ Trailer ပဲကြည့်ပြီးပြောတာဆိုတော့ စကားကုန်ပြောဖို့ စောပါသေးတယ်။ 

မီ ဖန်တီးရှင် ဆရာမကြီးကြည်အေးအကြောင်း နည်းနည်းကြည့်ကြရအောင်ပါ။ ဆရာမကြီး ကြည်အေးနဲ့ပတ်သက်လို့ ပထမဆုံးပြောချင်တာကတော့ ဒီကားကို သူကြည့်ခွင့်ရမသွားတာ စိတ်မကောင်းတဲ့အကြောင်းပဲ။ ဆရာမသာ ဒီကားကိုကြည့်ရရင် ဘာများပြောမလဲမသိဘူးလို့ တွေးမိတယ်။ 

ကြည်အေးကို ၁၉၂၉ မှာ ရန်ကုန်မှာမွေးပါတယ်။ ၂၀၁၆ ဒီဇင်ဘာမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကွယ်လွန်ပါတယ်။ ကွန်လွန်ချိန်မှာ အသက် ၈၇ နှစ်ရှိပါပြီ။ အမည်ရင်းကတော့ မကြည်ကြည်တင်မြင့် (ခ) ဒေါ်သောင်းကြည်ဖြစ်ပါတယ်။ 

ကြည်အေးရဲ့ ပထမဆုံး စာပေလက်ရာက ထိုည ဆိုတဲ့ဝတ္ထုတိုဖြစ်ပြီး ၁၉၄၇ မှာ ရေးသားခဲ့ပါတယ်။ ထိုည ရေးသားချိန်မှာ ကြည်အေးဟာ အသက် ၁၈ နှစ်ပဲရှိပါသေးတယ်။ 

မီ ဟာ ကြည်အေးရဲ့ ပထမဆုံး ဝတ္ထုရှည်ဖြစ်ပြီး ၁၉၆၀ မှာ လုံးချင်းစာအုပ်အဖြစ် ထွက်ရှိခဲ့ပါတယ်။ ၁၉၄၈ မှာ ရှုမဝမဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြပါရှိတယ်လို့ တတိယအကြိမ်ထုတ်ဝေတဲ့ စာအုပ် အမှာစာမှာ ရေးထားပါတယ်။ ၁၉၄၈ ဆိုရင် ကြည်အေးအသက် ၁၉ နှစ်ပါ။

မီ ဟာ ဝတ္ထုမဟုတ်ဘူး။ ရင်နာနာနဲ့ရေးထားတဲ့ ကဗျာတစ်ပုဒ်။ 
ကြည်အေးရဲ့ မီ ကိုဖတ်ပြီး ကျွန်တော်တို့ဟာ မီကို ချစ်ကြတယ်၊ မုန်းကြတယ်၊ သနားဂရုဏာသက်ကြတယ်၊ ကြည်နူးကြတယ်၊ တုန်လှုပ်ကြောက်ရွံ့ကြတယ်၊ စိတ်နာကြတယ်။ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ပုံဖော်ထားတဲ့မီကရော ကျွန်တော်တို့ကို ဘယ်လိုခံစားမှုမျိုး ပေးမလဲ၊ ကျွန်တော်တို့ရင်ထဲက မီနဲ့ တစ်ထပ်တည်းကျမလား။

ကျော်ထွန်းခိုင်
၂၀၁၈၊ နိုဝင်ဘာ ၆