ရည်းစားမရှိဘူးလား၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်လိုက်ပါ

Photo: AFP

“ကျန်းရှောင်တစ်ယောက် အိမ်ထောင်ပြုချင်နေပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့အမျိုးသမီးနဲ့တွေ့ဖို့ သူ့လုပ်ငန်းခွင်နဲ့ သူငယ်ချင်းတွေကတစ်ဆင့် အမျိုးမျိုးကြိုးစားခဲ့အပြီးမှာတော့ သူ့ရဲ့ နှလုံးသားရေးရာကို တရုတ်ကွန်မြူနစ်ပါတီရဲ့ လက်ထဲကို ပုံအပ်ပေးလိုက်ပါတော့တယ်။”

တရုတ်ပြည်မှာ ကလေးမွေးဖွားနှုန်းနဲ့ အိမ်ထောင်ပြုနှုန်းတွေ ကျဆင်းလာတာနဲ့အမျှ အကျိုးဆက်အဖြစ် စီးပွားရေးတိုးတက်မှု ဆိတ်သုဉ်းလာမှာ၊ လုပ်သားအင်အားထုရဲ့ အသက်တွေ ကြီးရင့်လာမှာကို စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။ ဒါနဲ့ပဲ တရုတ်ကွန်မြူနစ်ပါတီ လူငယ်အဖွဲ့ခွဲရဲ့ ဒေသခံအရာရှိတွေဟာ ကြင်ယာရှာဖွေပေးတဲ့ နေရာကနေ ပါဝင်ပတ်သက်လာရပါတော့တယ်။
ပွဲလမ်းသဘင် အခမ်းအနားတွေ စီစဉ်ကျင်းပပြီး တစ်ကိုယ်ရေသမားတွေအတွက် ကြင်ယာရှာနိုင်အောင် မိတ်ဆက်ပေးတာမျိုးတွေ ဆောင်ရွက်ပေးလာကြပါတယ်။

“ကျွန်တော့်အသက်က ကြင်ယာရှာ အိမ်ထောင်ပြုရမယ့်အရွယ် ဖြစ်နေပြီ။ ခုက ကျွန်တော့်အနားတစ်ဝိုက်မှာ သင့်တော်မယ့်သူလည်း မရှိဘူး။ ဒါနဲ့ပဲ ကျွန်တော့်ရဲ့ လူမှုဆက်ဆံရေး စက်ဝိုင်းကို ပိုချဲ့ဖို့ စဉ်းစားလိုက်တာ” လို့ အသက် ၃၀ ရှိနေပြီဖြစ်တဲ့ ကျန်းရှောင်က ပါတီက တရားဝင်ကျင်းပပေးတဲ့ ပွဲကိုတက်ဖို့ ဆုံးဖြတ်ခဲ့တာကို ရှင်းပြပါတယ်။

တရုတ်ပြည်တစ်ဝန်းမှာ အိမ်ထောင်ပြုနှုန်းဟာ မတရားထိုးကျနေပါတယ်။ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ဖို့ စာရင်းပေးတဲ့စုံတွဲ ၁၃.၄၇ သန်းရှိခဲ့ရာက ၂၀၂၀ မှာတော့ ၈.၁၄ သန်းပဲ ရှိခဲ့တယ်လို့ တရုတ်ပြည် အမျိုးသားစာရင်းအင်းဌာန (NBS) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

တရုတ်ဟာ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်ရဲ့ မွေးဖွားနှုန်းဟာ ပြီးခဲ့တဲ့နှစ်ကဆိုရင် လူတစ်ထောင်မှာ ၇.၅၂ ယောက်ပဲ ရှိခဲ့တယ်လို့ NBS ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဒါဟာ တရုတ်ကွန်မြူနစ်ပါတီ ထူထောင်ခဲ့တဲ့ ၁၉၄၉ ခုနှစ်နောက်ပိုင်းမှာ အနိမ့်ဆုံးပမာဏ ဖြစ်ပါတယ်။

တရုတ်ရဲ့ မကောင်းသတင်းနဲ့ ကျော်ကြားတဲ့ ‘တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ’၊ သမီးထက် သားကို ပိုလိုလားကြတဲ့ တရုတ်အစဉ်အလာနဲ့အတူ မလိုလားတဲ့ကိုယ်ဝန်ကို ဖျက်ချခြင်းနဲ့ မွေးစကလေးကို သတ်ခြင်းတို့ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်လည်း တရုတ်မှာ အခုတော့ အမျိုးသမီးထက် အမျိုးသားဦးရေဟာ သန်းပေါင်း ဆယ်ဂဏန်းနဲ့ချီ ပိုများနေပါတော့တယ်။

ခုလိုမျိုး ၁၉၈၀ နဲ့ ၂၀၁၆ ကြားမွေးတဲ့ မျိုးဆက်ရဲ့ ကျား၊မ အချိုးမမျှခြင်းဟာ ကျေးလက်တောနယ်တွေမှာ အထူးပဲ တာသွားပါတယ်။ အဲဒီနေရာတွေမှာ သတို့သမီးရှားပါးမှုတွေ ကြုံလာနေရတာ ဖြစ်ပါတယ်။

ကျန်းရှောင်က မြို့ပေါ်မှာနေသူပါ။
“ကျွန်တော့်အလုပ်မှာက အမျိုးသမီးတွေ များများစားစား မတွေ့ရဘူး” လို့ သူကပြောပါတယ်။

မိသားစုက သူ့ကို အိမ်ထောင်ပြုဖို့ နားချမှုတွေ ပိုပိုများလာလို့လည်း ဖူးစာရှင်မိတ်ဆက်ပွဲအခမ်းအနားကို တက်ရတာ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

ဒီလိုအခမ်းအနားမျိုးမှာ ပါဝင်ဆင်နွှဲတာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

Photo: AFP

တရုတ်ပြည်အရှေ့ပိုင်း ရှန်တုံခရိုင် ရှီနန်မြို့မှာ ပါတီက ကမကထပြု ကျင်းပတဲ့ ဒီပွဲကို တက်ရောက်ခဲ့တဲ့ တစ်ကိုယ်ရေသမား အယောက်တစ်ရာကျော်လောက် ရှိပါတယ်။ မြို့တော်ပန်းခြံမှာ ကျင်းပခဲ့တဲ့ ဒီပွဲမှာ တက်ရောက်သူတွေရဲ့ အသက်၊ အလုပ်အကိုင်၊ ဝင်ငွေစတဲ့အချက်တွေ အသေးစိတ်ပါဝင်တဲ့ အချက်အလက်တွေကို ရေးသားပြီး သစ်ပင်တွေကြားမှာ ချိတ်ဆွဲထားပါတယ်။

ခေတ်ပေါ် ပေါ့ဂီတကို နောက်ခံဖွင့်ပေးထားချိန်မှာ ပွဲစီစဉ်သူတစ်ဦးက ရင်းနှီးမှုယူတဲ့အုပ်စုလိုက်ကစားပွဲတွေနဲ့ မိတ်ဆက်ပေးပါတယ်။

“(တရားဝင်ပွဲတွေမှာ) ပိုလုံခြုံတယ်လို့ ခံစားရတယ်” လို့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ လီရှန်လေက ပြောပါတယ်။

“ဖူးစာဘက်ချိတ်ပေးတဲ့ ဝက်ဘ်ဆိုက်တွေ အများကြီးတော့ရှိပါရဲ့။ ကိုယ့်အချက်အလက်တွေ ဖြည့်ပေးလိုက်ရင် ရှက်စရာကောင်းတဲ့ ဖုန်းကောတွေနဲ့ချည်း လုံးထွေးနေရတော့တာလေ” လို့ အသက် ၂၆ နှစ်အရွယ် လီရှန်လေက ဆိုပါတယ်။

ပွဲတက်သူနောက်တစ်ယောက်ကတော့ ရှုဖန်ပါ။ သူက အသက် ၄၀ ရှိပါပြီ။ သူကလည်း မိသားစုက အိမ်ထောင်ပြုဖို့ တိုက်တွန်းလွန်းတဲ့အတွက် ဒီပွဲကို တက်ဖို့ စာရင်းပေးထားသူပါ။
“အသက်ကြီးလာလေ ဖိအားတွေပိုများလာလေဗျ” လို့ သူက ဆိုပါတယ်။

အန်ဟွေခရိုင်မှာ ဒေသခံအရာရှိတွေဟာ လူငယ်တွေကို ချိတ်ဆက်ပေးဖို့ နည်းပညာကိုလည်း အသုံးပြုလာကြပါတယ်။ သူတို့က တရုတ်မှာ နေရာတကာမြင်ရတဲ့ ဆိုရှယ်မီဒီယာဖြစ်တဲ့ ဝီချက် (WeChat) ပေါ်မှာ အသေးစားအစီအစဉ်လေးတစ်ခု ဖန်တီးလိုက်ပါတယ်။ အဲဒီမှာ စာရင်းသွင်းထားတဲ့ အဖွဲ့ဝင်တွေဟာ အသင်းသားအချင်းချင်း မျိုးရိုးနာမည်၊ အရပ်အမြင့်၊ ကုမ္ပဏီ၊ ဝင်ငွေ စတာတွေကို မြင်ခွင့်ရပါတယ်။

“တစ်ယောက်ယောက်ကို သဘောကျတယ်ဆိုရင် Friend အဖြစ် Add လို့ရတယ်” လို့ ကွန်မြူနစ်လူငယ်အသင်း ကိုယ်စားလှယ် လီဟန်က ပြောပါတယ်။ သူတို့ရဲ့ အသိပေးမှုတွေက အထင်ကရကုမ္ပဏီတွေနဲ့ စက်မှုလုပ်ငန်းနယ်ပယ်တွေက တစ်ကိုယ်ရေသမားတွေအထိ လက်လှမ်းမီတဲ့အတွက် ဒီမှာဝင်ပါခြင်းအားဖြင့် အသင်းအဖွဲ့ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

Photo: AFP

“တရုတ်ကွန်မြူနစ်ပါတီရဲ့ လူငယ်ကွန်မြူနစ်အသင်းခွဲဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဖူးစာဖက်ရှာဖွေရေးအခမ်းအနားတွေ ကျင်းပရာမှာ အဓိကကျလာပါတယ်” လို့ လီတာဟွန်ဖစ်ရှာက ပြောပါတယ်။ သူဟာ “အစ်ကိုကြီးကို သစ္စာဖောက်ခြင်း - တရုတ်ပြည်မှာ အမျိုးသမီးဝါဒ နိုးကြားလာခြင်း (Betraying Big Brother: The Feminist Awakening in China)” ဆိုတဲ့ စာအုပ်ရေးသားသူ ဖြစ်ပါတယ်။
“အစိုးရစိတ်ပူနေတာ မွေးဖွားနှုန်းတစ်ခုတည်း မဟုတ်ဘူး” လို့ သူကဆိုပါတယ်။ အာဏာပိုင်တွေဟာ အရည်အသွေးမြင့် လူဦးရေ ဖြစ်ထွန်းရေးအတွက် ကောလိပ်ပညာတတ် အမျိုးသမီးတွေကိုလည်း နိုင်ငံရေးအရ တည်ငြိမ်မှုအနေအထား ရရှိတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့အတွက် လှုံ့ဆော်တိုက်တွန်းနေတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။

တရုတ်အစိုးရဟာ ဆယ်စုနှစ်များစွာရှိခဲ့တဲ့ မိသားစုစီမံကိန်းကန့်သတ်ချက်တွေကို ပယ်ဖျက်ပြီး စုံတွဲတွေ ကလေးသုံးဦးအထိ ယူခွင့်ရှိကြောင်း ၂၀၂၁ ခုနှစ် မေလမှာ ကြေညာခဲ့ပါတယ်။ အိမ်ထောင်ပြတ်စဲလိုတဲ့ စုံတွဲတွေအတွက်လည်း စိစစ်ရေးကြားကာလ သတ်မှတ်ပေးပြီး အိမ်ထောင်ကွဲမှုတွေ လျှော့ချရေး ဆောင်ရွက်ပါတယ်။

ဒါပေမဲ့ နယ်စွန်နယ်ဖျားက အောင်သွယ်တော်တွေကတော့ ကျား၊မ အချိုးမညီမှုကို ရှိနေဆဲလို့ အေအက်ဖ်ပီသတင်းဌာနကို ထောက်ပြကြပါတယ်။ အထူးသဖြင့် ကျေးလက်တွေမှာက ချစ်ခင်စုံမက်တာနဲ့ အိမ်ထောင်ပြုတာဟာ တစ်ချို့သူတွေအဖို့ လက်လှမ်းမမီတဲ့ အခွင့်အရေးတွေပါ။

ယောက်ျားတွေ များလွန်းလို့ “တစ်ခါတစ်လေဆိုရင် ကျား၊မ ကွာဟမှုအချိုးက ဆယ်ယောက် တစ်ယောက်နှုန်းထက်ကို ကျော်လွန်နေတာ” လို့ ဟီနန်ခရိုင်က အောင်သွယ်တစ်ဦးဖြစ်တဲ့ ကွန်ပေါက်ယွန်က ပြောပါတယ်။

တရုတ် အာဏာပိုင်တွေဟာ ဒီအရေးကို ဦးစားပေးဖြေရှင်းနေကြပါတယ်။ ဒါပေမဲ့ ဒီအလုပ်က အပြန် ဒုက္ခပေးနိုင်ခြေလည်း ရှိနေပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျေးလက်ကအမျိုးသမီးတွေ ကိုယ့်မွေးဇာတိမှာပဲ နေကြပြီး ဒေသခံ လူပျိုတွေကို လက်ထပ်ကြဖို့ တိုက်တွန်းချက်ဟာ အွန်လိုင်းမှာ တော်တော်ကြီး ဝေဖန်ခံခဲ့ရပါတယ်။

မိမိတို့အနေနဲ့ လူတွေကို ကိုယ့်နေရာမှာပဲကိုယ်နေဖို့ အတင်းတိုက်တွန်းနေတာ မဟုတ်ရပါဘူးလို့ အာဏာပိုင်တွေဘက်က ဖြေရှင်းချက် ထုတ်ခဲ့ရတဲ့အထိပါပဲ။

Photo: AFP

“ကျွန်တော်သာ ၂၀ ကျော်ဆိုရင်.. ဇနီးလောင်းရှာဦးမှာမဟုတ်ဘူး” လို့ ကုန်ပစ္စည်းဖြန့်ချိရေး ယာဉ်မောင်း ကျောက်လျန်က ပြောပါတယ်။ ဒီဘက်ခေတ်မှာ အိမ်ထောင်ပြုရတာက သိပ်ကို ရုပ်ဝတ္ထုသဘော ဆန်လာပြီလို့လည်း သူလက်ထပ်ခဲ့စဉ်က အနေအထားနဲ့ နှိုင်းယှဉ်ပြီး ကျောက်လျန်က ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီကတော့ ကျေးကြီးတဲ့ ခန်းဝင်ပစ္စည်းတွေနဲ့ တင်တောင်းရတဲ့ ကိန်းကြီးခန်းကြီး အလေ့အထတွေကို ထိန်းချုပ်ဖို့အတွက် ဦးဆောင်ဦးရွက် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေပါတယ်။

သတို့သားဘက်က တင်တောင်းရတဲ့ ‘သတို့သမီးပေါက်စျေး’ ဟာ ဟီနန်က တစ်ချို့ကျေးရွာတွေမှာဆိုရင် တရုတ်ယွမ်ငွေ ၁၆၀၀၀၀ (ကျပ်ငွေ သိန်းလေးရာကျော်) အထိ ရှိတယ်လို့ အောင်သွယ်တွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

ကျား၊မ မညီမျှမှုကြောင့် မိသားစုတွေဟာ သင့်တော်တဲ့ ဇနီးလောင်းရရှိရေးမှာ အသည်းအသန် တိုက်ပွဲဝင်နေကြရတာပါ။
အာဏာပိုင်တစ်ချို့ကတော့ ကျေးလက်တွေမှာ လက်ထပ်ပွဲတွေ ပိုမို သက်သောင့်သက်သာ ရှိစေရေးအတွက် တင်တောင်းငွေကို ယွမ် ၆၆၀၀၀ လောက်သတ်မှတ်ဖို့ စီစဉ်နေကြပါတယ်။

“လူတွေက ခန်းဝင်ပစ္စည်းနဲ့ တင်တောင်းတာမျိုး မလုပ်ရင်တောင် အိမ်တစ်ဆောင် ကားတစ်စီး ရှိစေချင်ကြတာဗျ။ အဲဒီလိုရှိဖို့က ယွမ် ၅ သိန်း ၆ သိန်းလောက်မှ ဖြစ်မှာ” လို့ ကျောက်လျန်က ပြောပါတယ်။
“ကျေးလက်က မိသားစုတစ်စုအတွက် ဒီလောက်ရှိဖို့ဆိုတာ ဘယ်လွယ်မလဲဗျာ” လို့ သူက ညည်းတွားပါတယ်။

ရည်ညွှန်း - Can't find love? China's party cadres lend a hand, AFP