
ဒီကား Saving Mr.Banks က စာရေးဆရာမတစ်ဦး ရေးထားတဲ့ စာအုပ်တစ်အုပ်ကို Walt Disney က ရုပ်ရှင်ရိုက်ဖို့အတွက် ဝယ်ယူဖို့ကြိုးစားတဲ့ ၁၉၆၀ ဝန်းကျင်က ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ Emma Thompson ကတော့ ဒီကားမှာ သူ့စာအုပ်ကို ရုပ်ရှင်ရိုက်လိုက်ရင် ပုံစံပျက်သွားမှာစိုးလို့ လုံးဝမရောင်းလိုတဲ့ စာရေးဆရာမ၊ အစွဲအလမ်းကြီးပြီး နည်းနည်း ဇီဇာကြောင်တတ်တဲ့ အပျိုကြီးအဖြစ် သရုပ်ဆောင်ထားပြီး Tom Hanks ကတော့ Walt Disney အဖြစ် သရုပ်ဆောင်ထားတယ်။
Emma Thompson လို့ ပြောလိုက်တာနဲ့ သူ့ရဲ့ သရုပ်ဆောင်ပုံတွေကို ကျွန်တော်တို့အာရုံမှာ တန်းမြင်ပြီးသားမို့ ဒီကားအကြောင်း ကြီးကြီးမားမား ထပ်ညွှန်းစရာ မလိုတော့ပါဘူး။ အာနိုးနဲ့တွဲရိုက်ခဲ့တဲ့ Junior ဆိုရင် တော်တော်လေး သဘောကျဖို့ကောင်းပါတယ်။
ဒီကားမှာ စာရေးဆရာမရဲ့ ဖခင်ကို သူ့ရဲ့ငယ်ဘဝ idol အဖြစ် ဖန်တီးထားပါတယ်။ ဒါပေမယ့် သူ့ကို စရိုက် အမူအကျင့် ပြောဆိုနေထိုင်ပုံတွေ အဓိက လွှမ်းမိုးခဲ့သူကတော့ ဇာတ်လမ်း တစ်ဝက်လောက်မှ ပေါ်လာတဲ့ သူ့အဒေါ် ဖြစ်ပုံရပါတယ်။ ဒီအကြောင်းကို ဇာတ်လမ်းမှာ များများစားစား မဖော်ပြထားပေမယ့် သူ့အဒေါ်အကြောင်း နှစ်ခန်းလောက်နဲ့တင် လုံလောက်ပါတယ်။ စာရေးဆရာမရဲ့ အမူအကျင့်တွေကို ပရိသတ် သဘောကျအောင် ရိုက်ပြထားပြီး သူ့ရဲ့ ငယ်ဘဝကို လက်ရှိ အဖြစ်အပျက်တွေထဲမှာ ညှပ်ညှပ်ပြီး ထည့်ထားတာလည်း သဘောကျဖို့ ကောင်းပါတယ်။
သိပ်မကြိုက်ချင်တဲ့ သရုပ်ဆောင်မှု နှစ်ခုတော့ ဒီကားမှာ ပါတယ်။ မင်းသမီးကြီး ကတဲ့အခန်းနဲ့ ရုပ်ရှင်ရုံထဲမှာ ငိုတဲ့အခန်းတွေ ဖြစ်ပါတယ်။ အဲဒီအခန်းတွေကိုမှ ကြိုက်ပါတယ်လို့ ဆိုတဲ့သူတွေလည်း ရှိကောင်းရှိမှာပါ။
ဒီဇာတ်ကားကို ၂၀၁၃ အောက်တိုဘာလက လန်ဒန်ရုပ်ရှင်ပွဲတော်မှာ စတင် ရုံတင်ပြသခဲ့ပြီး ဇာတ်ကားအတွက် ရိုက်ကူးရေး ကုန်ကျစရိတ်က ဒေါ်လာ ၃၅ သန်း၊ စုစုပေါင်းရုံဝင်ငွေ ၁၁၂ သန်းရှိတယ်လို့ Wiki က မှတ်သားရကြောင်းပါ။
ကျော်ထွန်းခိုင်
၂၀၁၅၊ အောက်တိုဘာ