![]() |
Photo: Internet |
အစောပိုင်းကာလတွေမှာ ကိုရိုနာဟာ ဆင်းရဲချမ်းသာ မရွေးဘူး၊ ကူးစက်ခံရနိုင်တယ် ဆိုပြီး ပြောခဲ့ကြပါတယ်။ ခုလည်း ပါးစပ်အရသာခံပြီး ပြောကြတုန်းပါ။
ဒါမမှန်ပါဘူး။
ကိုရိုနာဟာ မျက်နှာလိုက်ပါတယ်။ ဆင်းရဲရင် ကိုရိုနာကူးစက်ခံရခြေ ပိုများပါတယ်။ ကူးခံထားရသူချင်း တူရင်တောင် သူဌေးထက် ဆင်းရဲသားက ဂန့်ဖို့အလားအလာ ပိုများပါတယ်။
ကိုရိုနာဟာ ပိုးရှိသူနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ထိတွေ့ရာက ကူးတာပါ။ ခုဆို လေထဲကနေ ပေ ၃၀ အကွာလောက်ထိ ကူးစက်နိုင်တယ်လို့ ပညာရှင်တွေ ပြောနေကြပြီ။
ဒီတော့ ရှင်းပါတယ်။ လိုင်းကားစီးသူနဲ့ ကိုယ်ပိုင်ကားစီးသူ၊ အိမ်ထဲမှာ နေနိုင်သူနဲ့ အိမ်ထဲမှာ မနေနိုင်သူ၊ သိုးဆောင်းလိုပြောရရင်တော့ ဟုမ်းစတေး လုပ်နိုင်သူနဲ့ မလုပ်နိုင်သူပေါ့ဗျာ၊ မျက်နှာဖုံးတွေ ထည်လဲသုံးနိုင်သူနဲ့ တစ်ခါသုံးမျက်နှာဖုံးတောင် နပ်မမှန်သူ။ ဒါတွေယှဉ်ကြည့်ပါ။
သူဌေးတွေလည်း ကူးခံရတာပဲလို့ ပြောကြတာ ရှိပါတယ်။
ဒီလူတွေ ကူးခံရတယ်ဆိုတာ ရောဂါက မျက်နှာမရွေးလို့ မဟုတ်ပါ။ ျန်းမာရေးအသိ နည်းလို့ ဖြစ်ပါတယ်။
ဒါဆို ဆင်းရဲသားတွေလည်း ကျန်းမာရေးအသိရှိရင် ရောဂါမကူးဘူးလေ လို့ ပြောချင်ရင် ရပါတယ်။
ဟုတ်ပါတယ်။ ဆင်းရဲသားတွေ ကျန်းမာရေးအသိ ရှိရင် မကူးပါ။
ကျန်းမာရေးအသိကို ဘယ်လောက်ထိ လိုက်နာနိုင်သလဲ ဆိုတဲ့အချက်မှာ သူဌေးတွေလောက် အောင်မှတ်မပြည့်တဲ့အတွက် ကူးတာဖြစ်ပါတယ်။
ကူးခံရပြီဆိုရင်လည်း သူဌေးနဲ့ ဆင်းရဲသား ကျန်းမာရေးစောင့်ရှောက်မှု မတူပါ။
အောင်လ ပိုးကူးခံရပြီး ပျောက်သွားတိုင်း ကိုယ်လည်း ပျောက်မယ်ထင်ရင် ဒိုးလိုက်တော့။
ဆင်းရဲရင် ဆင်းရဲသားဆေးရုံမှာ သွားကုရမှာ။ ပစ္စည်းကိရိယာ မရှိဘူး။ သီးသန့်ခန်းဆိုတာ အိပ်မက်ပဲ။
နိုင်ငံအလိုက် ယှဉ်ကြည့်ရင်လည်း သူဌေးနိုင်ငံနဲ့ ငမွဲနိုင်ငံ ဒဏ်ခံရပုံချင်း မတူပါ။
ပါကစ္စတန်ကတော့ ရှင်းရှင်းပဲပြောထားပါတယ်။
သူ့နိုင်ငံမှာ ငမွဲများတဲ့အတွက် လော့ဒေါင်း မလုပ်နိုင်ဘူးတဲ့၊ လုပ်လိုက်ရင် ရောဂါကြောင့် မသေဘဲ ငတ်သေကြမှာတဲ့။
အိန္ဒိယမှာလည်း လော့ဒေါင်းကြောင့် ငမွဲတွေ ဒုက္ခရောက်ရပုံကို စာရေးဆရာတွေ ရေးလိုက်ကြတာများ စာမူခနဲ့တင် သူဌေးဖြစ်နေလောက်ပြီ။
နောက်တစ်ခုက မြန်မာနိုင်ငံမှာ ကူးစက်မှု မရှိသလောက် နည်းတယ် ဆိုတဲ့အမြင်ပါ။
ကျွန်တော်က ပညာရှင်မဟုတ်တော့ ဒါတွေ မပြောတတ်ပါ။
တစ်ခုတော့ ထည့်စဉ်းစားမိပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ဝင်တဲ့အချိန်ကနေ ခုချိန်ထိ စစ်ဆေးမှု စုစုပေါင်း တစ်သိန်းနီးပါးပဲ ရှိပါသေးတယ်။
သူများနိုင်ငံတွေမှာက တစ်ရက်တစ်ရက်ကို စစ်ဆေးမှုပေါင်း ထောင်သောင်းချီ လုပ်ကြတာဖြစ်ပါတယ်။
အိန္ဒိယမှာ တစ်ရက်တည်းနဲ့ တစ်သောင်းလောက်တွေ့တယ်၊ အမေရိကန်မှာ တစ်ရက်တည်းနဲ့ ခုနစ်သောင်းလောက် တွေ့တယ်။ တွေ့တာတောင် ဒီလောက်များမှတော့ စစ်တာ ဘယ်လောက်ထိများမလဲ သိနိုင်ပါတယ်။
ဒီတော့ မြန်မာမှာ တကယ်တမ်း လုံလောက်တဲ့ စစ်ဆေးမှုလုပ်နိုင်ရဲ့လား၊ လုပ်နိုင်တဲ့အင်အား ရှိရဲ့လား ဆိုတာ ထည့်တွက်စရာ ဖြစ်ပါတယ်။
နောက်ဆုံးတစ်ခု ပြောချင်တာက..
ခင်ဗျားက ငမွဲလား..
သူဌေးတွေထက် ကျန်းမာရေးအသိ နှစ်ဆပိုရှိပါ။
၂၀၂၀၊ ဇူလိုင် ၁၈