ဟယ်.. တာမင်နေတာဖန်တို့၊ ငါမအိုသေး

ဒီဇာတ်ကားဟာ မင်းသားအာနိုး ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ အလန်တေလာ ရိုက်ကူးထားတာဖြစ်ပါတယ်။ Terminator စီးရီးတွေထဲမှာတော့ ပဥ္စမမြောက်ဇာတ်ကားပါ။ ၂၀၁၅ ဇူလိုင်လမှာ ရုံတင်ပြသခဲ့ပါတယ်။

(ဇာတ်လမ်းကို ကြိုပြောပြရတာကို မကြိုက်ပေမယ့်) ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ စကိုင်းနက် နဲ့လူသားတွေရဲ့စစ်ပွဲမှာ လူသားတွေရဲ့ခေါင်းဆောင် ဂျွန်ကော်နာဟာ သူ့အမေ ဆာရာကော်နာကို ကယ်တင်ဖို့အတွက် တပ်သားကိုင်းလ်ရီးစ်ကို ၁၉၈၉ ဆီ အချိန်ခရီးသွားစက်နဲ့ ပို့လိုက်ပါတယ်။ ကိုင်းလ်ရီးစ်တယောက် အတိတ်ကို ပြန်ရောက်သွားချိန်မှာတော့ အချိန်စက်ဝိုင်းတွေ ပြောင်းလဲနေတာကို တွေ့လိုက်ရပါတယ်။ ဆာရာကော်နာဟာလည်း အားနွဲ့တဲ့မိန်းကလေး မဟုတ်ဘဲ တိုက်ခိုက်ရေးကျွမ်းကျင်သူတဦး ဖြစ်နေပြီး Terminator (အာနိုး) က စောင့်ရှောက်ထားပါတယ်။ အန္တရာယ်များတဲ့ ရန်သူတွေကြားမှာ ကိုင်းလ်ရီးစ်တယောက် အနာဂတ်ကို ပြောင်းလဲဖို့ ကြိုးစားရပါတော့တယ်။

ဒီဇာတ်ကားရဲ့ရုပ်ထွက်ကို အစောပိုင်းထွက်ခဲ့တဲ့ Terminator-1 ၊ Terminator-2 တွေနဲ့ပုံစံတူ ဖန်တီးထားတယ်လို့ ဆိုပါတယ်။ Metal Solid T-1000 စက်ရုပ်ကလည်း ရှေးပုံစံအတိုင်းပါပဲ။ တိုက်ခိုက်မှု ပုံစံ၊ သရုပ်ဆောင်မှု စတာတွေက ဘာမှ အပြောင်းအလဲ မရှိပါဘူး။ လူရွေးတာတောင် မင်းသားကြီးရောဘတ်ပက်ထရစ်နဲ့ ရုပ်ချင်းဆင်တဲ့ ကိုးရီးယားမင်းသား လီဗျောင်ဟွန်းကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။

ဒီကားကို ကြည့်ရတာ ဇာတ်လမ်းထဲမှာ အာရုံသိပ်မရဘဲ အစောပိုင်း Terminator ကားတွေကိုပဲ ပြန်ပြန်သတိရနေမိပါတယ်။ အဓိကဇာတ်ဆောင် မင်းသမီး အမ်မီလီယာကလပ်ကလည်း ဇာတ်လမ်းနဲ့ ဘယ်လိုမှကို မလိုက်ဖက်သလို ခံစားရပါတယ်။ အသက်ငယ်ငယ် ရုပ်ချောချောကောင်မလေးဟာ တိုက်ခိုက်ရေး နည်းပညာတွေ လန်ပျံအောင်ကျွမ်းကျင်နေတာ၊ စကားလုံး အကြီးကြီးတွေ ပြောတာ၊ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားတာ စတဲ့ အချက်တွေဟာ ကြည့်ရတာ သိပ်ထောင့်မကျိုးပါဘူး။ 'ကမ္ဘာကြီးကို ကယ်တင်ဖို့ စွန့်စားကြလေသတည်း' ဆိုတဲ့ ဆယ်ကျော်သက်ဇာတ်ကားတွေကို ကြည့်နေရသလိုပဲ ခံစားရပါတယ်။ ရှေ့ကားတွေမှာ မင်းသမီးလင်ဒါဟာမီလ်တန် သရုပ်ဆောင်ခဲ့တဲ့ ဆာရာဇာတ်ရုပ်နဲ့ အစပ်အဟပ် သိပ်မမိပါဘူး။ အမ်မီလီယာကလပ် ကိုယ်တိုင်ကလည်း နောက်ရိုက်မယ့် Terminator ကားတွေမှာ မပါတော့ဘူးလို့ ပြောထားပါတယ်။

ဇာတ်ကားရဲ့ မူလဒါရိုက်တာ ဂျိမ်းကင်မရွန်းဟာ အစောပိုင်းမှာ ဒီဇာတ်ကားကို သဘောကျတယ်လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အာနိုးမျက်နှာကြောင့်သာ ဒီကားကို ကောင်းတယ်လို့ပြောခဲ့တာ ဖြစ်တဲ့အကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဒီဇာတ်ကားဟာ ဥရောပမှာ လက်ခုပ်သံသိပ်မရပေမယ့် အာရှမှာတော့ အားပေးမှုက တစ်ခဲနက်ပါပဲ။ မင်းသားချော လီဗျောင်ဟွန်းကြောင့် ဖြစ်နိုင်ပါတယ်။

ဒီဇာတ်ကားကို ကြည့်သင့်တဲ့ အဓိကအချက်ကတော့ ကျွန်တော်တို့ရဲ့ မင်းသားကြီး အာနိုးပါပဲ။ ပထမဆုံး The Terminator ဟာ ၁၉၈၄ ခုနှစ်မှာ ထွက်တာပါ။ အဲဒီအချိန်မှာ အာနိုးဟာ အသက် ၃၇ နှစ်ပါ။ အခု ပဥ္စမမြောက် ဇာတ်ကား ထွက်ချိန်မှာတော့ အာနိုးအသက်ဟာ ၆၈ နှစ်ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သံစက်ရုပ်ကြီးဟာ T-800 ဇာတ်ရုပ်နဲ့ သူ့ပရိသတ်တွေကို ခုချိန်ထိ ဖမ်းစားထားနိုင်ဆဲပါ။ T-800 နဲ့ ဆာရာတို့ကြားကသံယောဇဉ်၊ T-800 ပြောတဲ့ဒိုင်ယာလော့တွေဟာ ကြည့်ရတာ သဘောကျဖို့ကောင်းပါတယ်။

ကယ်လီဖိုးနီးယား မြို့တော်ဝန်အဖြစ်ကနေ အနားယူပြီးနောက် ဇာတ်ကားတွေ ဆက်တိုက် ပြန်လည်ရိုက်ကူးလာတဲ့ မင်းသားကြီးအာနိုးဟာ နောက်ထပ် ဘယ်လိုဇာတ်လမ်းမျိုးတွေ ပရိသတ်ကို ချပြဦးမလဲ စောင့်ကြည့်ရပါလိမ့်ဦးမယ်။

ဇာတ်ကားအမည် - Terminator Genisys
ဇာတ်လမ်းကြာချိန် - ၁၂၆ မိနစ်
ကုန်ကျစရိတ် - ၁၅၈ သန်း
ရုံဝင်ငွေ - ၄၄၀.၆ သန်း
ဖြန့်ချိသည့်ခုနှစ် - ၂၀၁၅
IMDB Rating - 6.3
Rotten Tomatoes Rating - 26%

ကျော်ထွန်းခိုင်
(၂၀၁၈၊ အောက်တိုဘာ)