Toni Collette in Hereditary |
ဒီတစ်ခေါက်တော့ Supernatural, Horror ဖန်တွေ လက်မလွှတ်သင့်တဲ့ ကားတစ်ကားကို ညွှန်းချင်ပါတယ်။ ဒါကတော့ ၂၀၁၈ မှာ ထွက်ခဲ့တဲ့ Hereditary ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း -
အန်နီဂရေဟမ်ဟာ ကလေးနှစ်ယောက်အမေ အနုပညာရှင်တစ်ဦးဖြစ်ပြီး သူ့အမေသေဆုံးမှုနဲ့ ပတ်သက်လို့ တာဝန်မကင်း ခံစားနေရသူတစ်ဦး ဖြစ်ပါတယ်။ သူ့သားအကြီး ပီတာဟာ ဆေးသမားတစ်ဦးဖြစ်ပြီး သမီးငယ်ချာလီကလည်း အေးစက်စက် ဆယ်ကျော်သက်တဦးပါ။ စိတ်ဖိစီးမှုတွေ များလွန်းတဲ့အတွက် အန်နီဟာ အိပ်ပျော်ရင်းလမ်းလျှောက်တဲ့ ရောဂါရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ တနေ့တော့ ယာဉ်မတော်တဆမှုကြောင့် သမီးငယ်ချာလီ သေဆုံးသွားပါတယ်။ သမီးငယ်သေဆုံးမှုကြောင့် စိတ်ထိခိုက်နေတဲ့ အန်နီဟာ စိတ်ကျန်းမာရေးဆွေးနွေးပွဲမှာ ရင်းနှီးသွားတဲ့ အမျိုးသမီးတစ်ဦးရဲ့ အကြံပေးချက်အတိုင်း သမီးရဲ့ ဝိဉာဉ်ကို အိမ်ထဲခေါ်သွင်းဖို့ ကြိုးစားရာက သူမျှော်လင့်မထားတာတွေ ဖြစ်ပျက်လာပြီး သူတို့မိသားစုရဲ့ ရှောင်လွှဲမရတဲ့ ကံကြမ္မာဟာလည်း ရုပ်လုံးပေါ်လာပါတော့တယ်။
ဒီကားမှာ အဓိကသဘောကျတဲ့ တစ်ချက်ရှိပါတယ်။ ပုံမှန်ကြည့်နေကျ သရဲတစ္ဆေကားတွေလို အရုပ်တွေ အသံတွေနဲ့ ဝုန်းဒိုင်းကြဲ ဖြဲခြောက်တဲ့ အခန်းတွေ မပါတာကိုပါ။ ကြည့်ရင်းနဲ့ ဘာကိုကြောက်လို့ ကြောက်မှန်းသိဘဲ ဇာတ်ရှိန်က မြင့်တက်လာပါတယ်။
ဇာတ်သိမ်းကိုတော့ သိပ်သဘောမကျချင်ပါ။ (ဇာတ်သိမ်းတော့ မပြောပြဘူးနော်။ ကိုယ့်ဟာကိုယ်ကြည့်။) ဒါပေမဲ့ ဇာတ်လမ်းတလျှောက် ရလိုက်တဲ့ ရသတွေနဲ့ယှဉ်ရင်တော့ ဇာတ်သိမ်းကို သဘောမကျမှုက သိပ်အရေးမပါလှပါ။ ဘာလို့လဲဆိုတော့ ဒီကားမှာ ဇာတ်လမ်းထက် တခြားအချက်တွေက ပိုအရေးပါနေတဲ့အတွက် ဖြစ်ပါတယ်။
အမေသေဆုံးမှုနဲ့ပတ်သက်လို့ တာဝန်မကင်း ခံစားနေရာက သမီးပါသေသွားလို့ စိတ်ဒုက္ခခံစားရတဲ့ မိခင်တစ်ယောက်ရဲ့ စိတ်ခံစားမှု၊ အမေနဲ့ အဆင်မပြေတဲ့ ခံစားချက်တွေကို စိတ်ထဲမှာ ဖိသိပ်ထားတဲ့ သား၊ မိသားစုကို ဘေးဒုက္ခမရောက်စေချင်တဲ့ အိမ်ထောင်ဦးစီးတစ်ဦးရဲ့ အနေအထား စသဖြင့် မြင့်သထက်မြင့်လာတဲ့ ဇာတ်ရှိန်ဟာ ကျွန်တော်တို့ကို ဇာတ်လမ်းအဆုံးထိ ရင်တမမနဲ့ ဆွဲခေါ်သွားတာဖြစ်ပါတယ်။
မိသားစုထမင်းဝိုင်းမှာ သားနဲ့အမေရဲ့ စိတ်တွင်းခံစားချက်တွေ ပွင့်ထွက်ပြီး တယောက်နဲ့တစ်ယောက် မနာနာအောင် စကားလုံးတွေနဲ့ ပစ်ပေါက်ကြတဲ့အခန်းဟာလည်း စိတ်ထိခိုက်ဖို့ကောင်းလှတဲ့ အခန်းဖြစ်ပါတယ်။ သရဲတစ္ဆေကားမှာ ဒီလိုဇာတ်ဝင်ခန်းကို အနုပညာပါပါ ထည့်ရိုက်ထားတဲ့ ဒါရိုက်တာ အယ်ရီအက်စတာ ကိုလည်း ဝေဖန်ရေးသမားတွေ တော်တော်ချီးကျူးကြပါတယ်။
ဒီဇာတ်ကားဟာ အမေရိကန် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ အယ်ရီအက်စတာရဲ့ ပွဲဦးထွက်ဇာတ်ကား ဖြစ်ပါတယ်။ သူဇာတ်ကားမှာ ဂျပန်ခေတ်ဟောင်း လျှို့ဝှက်သဲဖိုဇာတ်ကားတွေရဲ့ လွှမ်းမိုးမှု တော်တော်များများပါတယ်လို့ ဒါရိုက်တာက ပြောပါတယ်။
ဝေဖန်ရေးသမားတွေ အကုန်လုံး ချီးကျူးကြတာကတော့ မင်းသမီးတိုနီကောလက်ရဲ့ သရုပ်ဆောင်မှုပါ။ မိခင်သေဆုံးမှုကို အပြစ်မကင်းသလို ခံစားနေရချိန်မှာ သမီးသေ၊ သားနဲ့လည်း အဆင်မပြေ၊ ခင်ပွန်းလည်း မယုံကြည်တော့တဲ့ မိခင်တစ်ယောက်ရဲ့ ပဋာမြေလူးခံစားချက်ကို ပီပြင်အောင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
“ရိုက်ကူး၊ တည်းဖြတ်၊ အသံတွေအားလုံး လက်ဖျားခါလောက်အောင် ကောင်းပါတယ်၊ ဒါပေမဲ့ တိုနီကောလက်ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုသာ မပါခဲ့ရင် ဒါတွေအကုန်လုံး အလဟဿဖြစ်သွားလိမ့်မယ်” လို့ ရုပ်ရှင်ဝေဖန်ရေးသမား ပီတာဘရက်ရှောကလည်း The Guardian ဝက်ဘ်ဆိုက်မှာ အမွှန်းတင်ရေးထားတာ တွေ့ရပါတယ်။
ပီတာထရေဗာကတော့ ဒီကားဟာ ၂၀၁၈ နှစ်အတွက် ကြောက်စရာအကောင်းဆုံး ဇာတ်ကားလို့ ရိုးလင်းစတုန်းမဂ္ဂဇင်းမှာ ညွှန်းထားကြောင်းပါ။
အမျိုးအစား - သဘာဝလွန် လျှို့ဝှက်သည်းဖို
ဇာတ်ညွှန်းနှင့် ဒါရိုက်တာ - အယ်ရီအက်စတာ
ကြာမြင့်ချိန် - ၁၂၇ မိနစ်
ကုန်ကျစရိတ် - ၁၀ သန်း
ရုံဝင်ငွေ - ၇၉.၃ သန်း
ဖြန့်ချိသည့်ခုနှစ် - ၂၀၁၈ ဇွန်လ
IMDb Rating – 7.3
Rotten Tomatoes Rating – 90%
ကျော်ထွန်းခိုင်၊ ၂၀၁၈ အောက်တိုဘာ