ကိုယ်ဝန်ဖျက်ချမှု နောက်ကွယ်က မမြင်သာတဲ့ အကြောင်းတရားတွေ

Photo - AP

"မွေးမယ်၊မမွေးဘူး ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဆိုပေမယ့် ကိုယ်ဝန်ဖျက်ချမှုမှာ ပါဝင်နေသူဟာ သုံးယောက်ဖြစ်ပါတယ်။ သူတို့ကတော့ မိခင်လောင်း၊ သန္ဓေသားလောင်းနဲ့ ဖခင်ပါ။"

လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် အမျိုးသမီးများ (The Women for Freedom and Democracy – WFD) ဆိုတဲ့အဖွဲ့ဟာ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ အမျိုးသမီးအခွင့်အရေးတွေအတွက် လှုံ့ဆော်စည်းရုံးနေတဲ့ ထိုင်းအခြေစိုက်အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ တောင်းဆိုချက်တွေထဲမှာ အောက်ဖော်ပြပါ သဘောထားအမြင် တစ်ခုကိုလည်း တွေ့ရပါတယ်။

“ကျွန်မတို့ရဲ့ခန္ဓာနဲ့ မျိုးဆက်ပြန့်ပွားရေး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အစိုးရက ထိန်းချုပ်နေသမျှကာလပတ်လုံး ကျွန်မတို့ဟာ စစ်မှန်တဲ့ဒီမိုကရေစီ ရရှိတယ်လို့ ပြောလို့မရနိုင်ပါဘူး။ ကိုယ်ဝန်ဖျက်ချပေးတာကို အစိုးရရဲ့မူဝါဒအောက်ကနေ ဝန်ဆောင်မှုပေးနေတယ် ဆိုပေမယ့် လူတွေဟာ ဒီအကြောင်းကို ထုတ်ပြောဖို့ ကြောက်ရွံ့နေကြဆဲ ဖြစ်သလို ဥပဒေကို ချိုးဖောက်မိမှာကိုလည်း စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချရာမှာ အကူအညီပေးတဲ့ ဆရာဝန်တွေဟာလည်း အဖမ်းခံရမှာကို စိုးရိမ်နေရဆဲဖြစ်ပြီး အမျိုးသမီးတွေဟာလည်း အန္တရာယ်မကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေနဲ့ကြောင့် အသက်ဆုံးပါးမှုတွေ ရှိနေဆဲဖြစ်ပါတယ်။”

WFD ရဲ့ လှုံ့ဆော်ပွဲမှာတော့ ကိုယ်ဝန်ဖျက်ချခြင်းကို တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ ထိုင်းရာဇဝတ်မှုဥပဒေ ပုဒ်မ ၃၀၁ ကို ပြန်လည်ရုတ်သိမ်းခိုင်းဖို့ ဖိအားပေးနိုင်ရေး လက်မှတ်တွေ ကောက်ခံနေတာ တွေ့ရပါတယ်။ ဒီဥပဒေအရဆိုရင် ကိုယ့်ကိုယ်ကိုယ် ကိုယ်ဝန်ဖျက်ချသူ၊ သူများကိုယ်စား ကိုယ်ဝန်ဖျက်ချခွင့်ပြုသူတွေကို ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ထိုင်းဘတ် ၆ သောင်းအထိ၊ သို့မဟုတ် ပြစ်ဒဏ်နှစ်မျိုးလုံး အပြစ်ပေးနိုင်ပါတယ်။

ခြွင်းချက်အနေနဲ့တော့ ဆရာဝန်တွေဆိုရင် ကျန်းမာရေးလိုအပ်ချက်သီးသန့် အတွက်သာ ကိုယ်ဝန်ဖျက်ချခွင့် ရှိကြောင်း ပုဒ်မ ၃၀၅ မှာ ဖြည့်သွင်းပေးထားပါတယ်။ ဒီခြွင်းချက်ထဲမှာ မိခင်အတွက် အန္တရာယ်ရှိတဲ့ ကိုယ်ဝန်၊ သန္ဓေသားလောင်းမှာ ပြင်းထန်တဲ့ မသန်စွမ်းမှုတွေရှိနေရင်၊ မိခင်ဟာ မုဒိမ်းကျင့်ခံရသူဖြစ်နေရင် သို့မဟုတ် အသက် ၁၅ နှစ်အောက် ဖြစ်နေရင် စတဲ့အချက်တွေ ပါဝင်ပါတယ်။

WFD ရဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ “ကိုယ်ဝန်ဖျက်ချခြင်းကို တရားမဝင်ကြောင်း သတ်မှတ်ချက် ပယ်ဖျက်ပေးရေး၊ စိတ်ချရတဲ့ ကိုယ်ဝန်ဖျက်ချမှုဆိုတာ လူသားတွေရဲ့ အခွင့်အရေးတစ်ရပ်၊ ကိုယ်ဝန်ဖျက်ချခြင်းသည် ရာဇဝတ်မှုမဟုတ်” စတဲ့ စာတန်းတွေ ကိုင်ဆောင်ထားသူတွေလည်း ပါဝင်ပါတယ်။ ဒီစာတန်းတွေက ပေးချင်တဲ့မက်ဆေ့ကတော့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ခန္ဓာကို ကိုယ်ပိုင်တဲ့အတွက် ကိုယ်ဝန်ဖျက်ချခွင့် ရှိတယ်လို့ ပြောဆိုခြင်းပါပဲ။ ကိုယ်ဝန်ဖျက်ချမယ့် အမျိုးသမီးတိုင်း လိုင်စင်ရဆေးခန်းမှာ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ဆောင်ရွက်ခွင့် ရရှိဖို့လည်း ဒီအဖွဲ့က တောင်းဆိုပါတယ်။

စာရေးဆရာ Chalidaporn Songsamphanin ရဲ့ Negotiating Abortion: Health, Liberty, Morality စာအုပ်မှာ ဖော်ပြချက်အရ ထိုင်းနိုင်ငံမှာ နှစ်စဉ် ကိုယ်ဝန်ဖျက်ချသူ ၃ သိန်းခန့်ရှိပြီး ဒီအထဲမှာ ကိုယ်ဝန်ဖျက်ချမှုကြောင့် အခန့်မသင့်ဘဲ သေဆုံးရသူ သေဆုံးသူ ၃၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ မလုံခြုံတဲ့ ကိုယ်ဝန်ဖျက်ချမှုကြောင့် နောက်ဆက်တွဲ ဒုက္ခခံစားရသူ အမျိုးသမီးတွေကို ကုသပေးဖို့ အတွက် ထိုင်းအစိုးရဟာ ၂၀၁၅ မှာ ထိုင်းဘတ် ၁၃၂ သန်း သုံးစွဲခဲ့ပါတယ်။

ကိုယ်ဝန်ဖျက်ချမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ချက်ကို ပယ်ဖျက်ပြီး ပုဒ်မ ၃၀၁ ကို ပြန်လည်ပြင်ဆင်ပေးရေး အတွက် WFD ရဲ့ အားထုတ်မှုဟာ ကြိုဆိုရမယ့်အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ “ကိုယ်ပိုင်ခန္ဓာ၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်” ဆိုတဲ့ တောင်းဆိုချက်ကတော့ လက်ခံနိုင်စရာ မရှိပါဘူး။ ကလေး မွေးမယ်၊ မမွေးဘူး ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဆိုပေမယ့် ကိုယ်ဝန်ဖျက်ချမှုမှာ ပါဝင်နေသူဟာ သုံးယောက်ဖြစ်ပါတယ်။ သူတို့ကတော့ မိခင်လောင်း၊ သန္ဓေသားလောင်းနဲ့ ဖခင်ပါ။ ဒါကြောင့် ဖခင်မှာလည်း ပါဝင်ဆုံးဖြတ်ခွင့် ရှိပါတယ်။

ဖခင်တစ်ယောက်ဟာ သူ့ကလေးကို အထောက်အပံ့ပေးလိုစိတ် ရှိတယ်ဆိုရင် ကလေးအနေနဲ့လည်း သူ့ကိုကြိုဆိုတဲ့ဖခင် နဲ့အတူ အသက်ရှင်နေထိုင်ခွင့် ရသင့်ပါတယ်။ ကလေးပဋိသန္ဓေကို ကိုးလတိတိ လွယ်ထားရမယ့် မိခင်အတွက်ကတော့ ဒီအချက်ဟာ မမျှတဘူးလို့ ခံစားရဖွယ်ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဖျက်ချလိုက်မယ်ဆိုရင် လူဖြစ်ခွင့်မရတော့တဲ့ ကလေးနဲ့ အဖေအတွက်လည်း မျှတမှုရှိတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒီလိုဖြစ်စဉ်မျိုးကတော့ ရှားပါတယ်။ မိခင်လောင်းအများစုဟာ ကလေးအဖေက တာဝန်မယူလို့သာ ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်ကြတာ များပါတယ်။

ဒါဆို အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ဖို့ ဆုံးဖြတ်ကြတာ ဒီတစ်ချက်တည်းကြောင့်လား။ ၂၀၁၇ ခုနှစ်က ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်အချက်အရ ဆိုရင် အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်ကြတာဟာ အဓိကအားဖြင့် စီးပွားရေး၊ လူမှုရေးနဲ့ မိသားစုအရေးက (၆၂.၆ ရာခိုင်နှုန်း)၊ ကျန်းမာရေးက (၃၇.၄ ရာခိုင်နှုန်း) သက်ဆိုင်နေပါတယ်။ လေ့လာချက်တွေမှာ တွေ့ရတာကတော့ ကိုယ်ဝန်ဖျက်ချတာဟာ အမျိုးသမီးငယ်တွေချည်း မဟုတ်ပါဘူး။ အသက် ၃၀ ကျော် အိမ်ထောင်ရှင် အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ ကိုယ်ဝန်ဖျက်ချမှုကို မီဒီယာတွေမှာ ပုံဖော်ရေးသားနေကြတာနဲ့ ကွဲလွဲနေပါတယ်။ ကိုယ်ဝန်ဖျက်ချတဲ့ သတင်းတွေ ဖတ်ရပြီဆိုရင် လူတွေဟာ ရက်စက်ပြီး တာဝန်ယူလိုစိတ်မရှိတဲ့ မိခင်တွေကိုပဲ ပြေးမြင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးတွေထဲမှာ အခြေအနေအမျိုးမျိုးကြောင့် နောက်ထပ် ကလေးမယူနိုင်တော့လို့ ဖျက်ချရတဲ့ သာမန် အိမ်ထောင်ရှင် အမျိုးသမီးတွေလည်း ပါနေပါတယ်။

မီဒီယာတွေပေါ်က မကောင်းသဘောဆောင်တဲ့ ကိုယ်ဝန်ဖျက်ချမှု သတင်းတွေမှာ နောက်တစ်ခု ဖြည့်စဉ်းစားကြတာ ရှိပါတယ်။ ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ သန္ဓေသားလောင်းရဲ့ အသက်ကို ဆုံးပါးစေခြင်း ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေအတွက် ငါးပါးသီလထဲက သူတပါးအသက်ကို သတ်ဖြတ်မှုဆိုတဲ့ ပါဏာတိပါတာကံကို ကျူးလွန်ရာရောက်တယ် ဆိုတဲ့အချက်ပါ။

ကိုယ်ဝန်ဖျက်ချတာဟာ ငါးပါးသီလထဲက တစ်ပါးကို ကျူးလွန်တာပဲလို့ ယုံကြည်ရင်လည်း အထူးငြင်းစရာ မရှိပါ။ ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သူတွေကလည်း ဒီလုပ်ရပ်ဟာ အပြစ်မဲ့ကလေးကို သတ်ဖြတ်ခြင်းသာ ဖြစ်တယ်၊ သူတို့တွေလည်း လူ့ဘဝထဲကို ဝင်လာခွင့်ရှိတယ်လို့ ပြောကြပါတယ်။

ဗိုက်ထဲက ကလေးမှာ အပြစ်မရှိဘူး ဆိုတဲ့အချက်က မှန်ပါတယ်။ ဒါပေမဲ့ နောက်တစ်ဘက်က စဉ်းစားရမှာက မိခင်လောင်းဟာ ကလေးမွေးဖို့ အသင့်မဖြစ်သေးဘူး ဒါမှမဟုတ် မမွေးချင်ဘူး ဆိုရင် ဒီကလေးဟာ သူ့ကိုမလိုချင်တဲ့ အသိုင်းအဝိုင်းထဲကို ဝင်လာသင့် မသင့် ဆိုတဲ့အချက်ပါ။

လူအများစိုးရိမ်ကြတဲ့ နောက်တစ်ချက်လည်း ရှိပါသေးတယ်။ ဒီလုပ်ရပ်ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးလိုက်ရင် ကိုယ်ဝန်ဖျက်ချမှု အရေအတွက်ဟာ ယခုထက်ပို မြင့်တက်လာမလား ဆိုတဲ့အမြင်ဖြစ်ပါတယ်။

အခြားတစ်ဘက်မှာ ထည့်တွက်ရဦးမှာကလည်း ဘယ်အမျိုးသမီးကမှ ဖျက်ချလိုက်မယ် ဆိုတဲ့စိတ်ကူးနဲ့ ရည်ရွယ်ချက်ရှိရှိ ကိုယ်ဝန်ယူကြတာ မဟုတ်ဘူးဆိုတာပါပဲ။ ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ သောကပွားရတဲ့ ဆုံးဖြတ်ချက်တစ်ခု ဆိုပေမယ့် မိခင်လောင်းရဲ့ အသက်အန္တရာယ်နဲ့ ဘဝနေထိုင်မှု အခြေအနေကြောင့် လိုအပ်လို့ လုပ်ဆောင်ရတာလည်း ရှိနိုင်ပါတယ်။

မူရင်း - The complicated legacy of abortion by Suwitcha Chaiyong | BANGKOK POST | ၂၀၂၀ နိုဝင်ဘာ