ရုရှားအတွက်တိုက်ပေးနေတဲ့ ဝဂ္ဂနာကြေးစားတပ်ရဲ့ သေနတ်ပြောင်း ရုရှားဆီ ဘာလို့ပြန်လှည့်လာသလဲ

စိန့်ပီတာစဘက်မြို့ပြင်မှာ ကပ်ထားတဲ့ ဝဂ္ဂနာအဖွဲ့ရဲ့ တပ်သားစုဆောင်းတဲ့ ပိုစတာကို ဇွန်လ ၂၄ ရက် စနေနေ့က ပြန်ဖြုတ်ချနေပုံ။ ဓာတ်ပုံ - AP

"ယူကရိန်းနယ်မြေထဲမှာ လက်ရှိ ရုရှားစစ်မှုထမ်း အရေအတွက်ဟာ သုံးသိန်းအထက်မှာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီအထဲက တိုက်ခိုက်ရေးသမား ငါးသောင်းခန့်ဟာ ဝဂ္ဂနာကြေးစားစစ်တပ်ရဲ့ တပ်သားတွေ ဖြစ်ပါတယ်။ အခုတော့ ဝဂ္ဂနာဟာ ပူတင်ရဲ့စစ်တပ်ကို ပြန်တိုက်ခိုက်ဖို့ ရုရှားပြည်ထဲ ပြန်ဝင်လာပါပြီ။"

တစ်ချိန်တုန်းက လူမသိသူမသိ အနေအထားနဲ့ပဲ ရှိနေခဲ့ပြီး ဗလာဒီမာပူတင်ရဲ့ အင်အားကြီးဘော်ဒါတစ်ဦး ဖြစ်လာရာကနေ အကျိုးအမြတ် ဖြစ်ထွန်းလာသူ ဝဂ္ဂနာစစ်အုပ်စုအကြီးအကဲ ယက်ဂီနီပရီဂိုရှင်ဟာ (Yevgeny Viktorovich Prigozhin) ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်အတွင်းမှာ တစ်ကမ္ဘာလုံးက စောင့်ကြည့်ရသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ကြေးစားစစ်တပ်ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယူကရိန်းစစ်အတွင်း အပြင်းထန်ဆုံး တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ဖော်ညွှန်းလေ့ရှိသူ ပရီဂိုရှင်ဟာ အခုတော့ သူ့နိုင်ငံရဲ့ စစ်တပ်ခေါင်းဆောင်တွေကို အတိအလင်း ပုန်ကန်သူအဖြစ် ခြေတစ်လှမ်း တိုးလိုက်ပါပြီ။ ဇွန်လ ၂၃ ရက်နေ့ နှောင်းပိုင်းကနေ နောက်နေ့အထိ ထုတ်ပြန်နေခဲ့တဲ့ သူ့ရဲ့ သတင်းစကားတွေထဲမှာ ပရီဂိုရှင်က သူနဲ့ သူ့တပ်ဖွဲ့ဝင်တွေဟာ ရုရှားတောင်ပိုင်းက ရော့စတော့အွန်ဒန်မြို့ကို ဝင်လာပြီဖြစ်ပြီး မြို့ထဲက စစ်ဘက်ဆိုင်ရာ နေရာတွေကိုလည်း ထိန်းချုပ်ထားပြီလို့ ပြောဆိုခဲ့ပါတယ်။


ဝဂ္ဂနာအုပ်စုဆိုတာ ဘာလဲ

ဝဂ္ဂနာဟာ ယူကရိန်းစစ်မြေပြင်မှာ ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်ပေးနေတဲ့ ကြေးစားစစ်တပ်ဖြစ်ပါတယ်။ ဝဂ္ဂနာအုပ်စုရဲ့ လုပ်ပုံကိုင်ပုံကို ပထမဆုံး မြင်ခဲ့ရတာကတော့ ၂၀၁၄ ခုနှစ် ဧပြီလက ယူကရိန်းအရှေ့ပိုင်းမှာ ခွဲထွက်ရေးသမားတွေရဲ့ ပဋိပက္ခတွေ စတင်ခဲ့ချိန်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း သီတင်းပတ်တွေမှာတော့ ရုရှားဟာ ယူကရိန်းပိုင် ကရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ပါတယ်။

ဝဂ္ဂနာအုပ်စုကို ရုရှားက ပုဂ္ဂလိကတပ်ဖွဲ့အဖြစ် ရုရှားက ခေါ်ဆိုသုံးနှုန်းပေမယ့် အမေရိကန် အရာရှိတွေကတော့ ရုရှားရဲ့ လက်ဝေခံ စစ်အုပ်စုအဖြစ် ရှုမြင်ကြပါတယ်။

ယူကရိန်းမှာ ရုရှားအတွက် တိုက်ပွဲဝင်ပေးနေတဲ့ ဝဂ္ဂနာစစ်တပ် အင်အားဟာ ၅ သောင်းခန့်ရှိပြီး၊ တစ်သောင်းဟာ ကြေးစားစစ်သားတွေဖြစ်ကာ ၄ သောင်းကတော့ ရာဇဝတ်သားတွေ ဖြစ်တယ်လို့ အမေရိကန်က ခန့်မှန်းထားပါတယ်။

ပရီဂိုရှင်ဟာ ရုရှားနိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေဆီ သွားရောက်ပြီး ဝဂ္ဂနာအုပ်စုနဲ့အတူ ရှေ့တန်းမှာ ၆ လ တိုက်ပွဲဝင်နိုင်ရင် အကျဉ်းသားဘဝက လွတ်ခွင့်ရမယ်ဆိုတဲ့ ကတိနဲ့ ရာဇဝတ်သားတွေကို ရွေးချယ်ပြီး စစ်သားအဖြစ် စုဆောင်းခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းမှာ ရုရှားတပ်တွေ အရှုံးနဲ့ ရင်ဆိုင်ရပြီး နယ်မြေဆုံရှုံးမှုတွေနဲ့အတူ တပ်ဆုတ်ရတဲ့ အနေအထားဖြစ်လာချိန်မှာ ဝဂ္ဂနာဟာ မြင်သာထင်သာတဲ့ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်းက ဘာမွတ်မြို့ကို ရုရှားတို့သိမ်းပိုက်ရာမှာ ဝဂ္ဂနာက အကြီးအကျယ် ပါဝင်တိုက်ခိုက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဝဂ္ဂနာဟာ ယူကရိန်းစစ်အတွင်း တစ်လကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် သုံးစွဲနေတယ်လို့ အမေရိကန်အစိုးရက ခန့်မှန်းထားပါတယ်။

ရော့စတော့အွန်ဒန်မြို့မှာရှိတဲ့ ရုရှားစစ်ဌာနချုပ်မှာ ဇွန်လ ၂၄ ရက် စနေနေ့က တွေ့ရတဲ့ ပရီဂိုရှင်။ ဓာတ်ပုံ - AFP

အသက် ၆၂ နှစ်အရွယ် ပရီဂိုရှင်နဲ့ အသက် ၇၀ ရှိနေပြီဖြစ်တဲ့ သမ္မတပူတင်တို့ နှစ်ဦးလုံးဟာ စိန့်ပီတာစဘက်မှာ မွေးဖွားခဲ့ကြသူတွေပါ။ ဆိုဗီယက်ယူနီယံရဲ့ နောက်ဆုံးနှစ်တွေမှာ ပရီဂိုရှင်ဟာ ၁၀ နှစ် အကျဉ်းကျနေခဲ့တယ်လို့ သူကိုယ်တိုင် ပြောပြဖူးပါတယ်။ ဘာကြောင့်လဲ ဆိုတာတော့ မသိရပါဘူး။

ထောင်ကထွက်လာပြီးနောက်ပိုင်း စားသောက်ဆိုင်လုပ်ငန်းတွေ ဖွင့်လှစ်ခဲ့တဲ့ ပရီဂိုရှင်ဟာ ၂၀၁၀ မှာတော့ သမ္မတပူတင်ရဲ့ အကူအညီနဲ့ စက်ရုံထူထောင်ခဲ့ပါတယ်။ သူ့ကုမ္ပဏီဟာ အစိုးရစာသင်ကျောင်းတွေအတွက် အစားအစာ ပေးပို့ခွင့် ရရှိခဲ့ပြီး မော်စကို်တစ်မြို့တည်းမှာတင် ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေရှိခဲ့ပါတယ်။

သူဟာ ကရင်မလင်ရဲ့ အခမ်းအနားတွေအတွက်လည်း နှစ်ပေါင်းများစွာ စီစဉ်ပေးခဲ့ပြီး သူ့ကို ‘ပူတင်ရဲ့စားတော်ဆက်’ လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ သူဟာ ရုရှားစစ်တပ်အတွက် အကျွေးအမွေးနဲ့ လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေလည်း တင်သွင်းနေသူပါ။


ဝဂ္ဂနာနဲ့ ရုရှားခေါင်းဆောင်တွေအကြား ပဋိပက္ခတွေ ဘယ်လိုစတင်ခဲ့သလဲ

ယူကရိန်းမှာ သူ့တပ်ဖွဲ့တွေ အများအပြား သေကြေမှုတွေ ရှိလာချိန်မှာပဲ ပရီဂိုရှင်ဟာ ရုရှားဗိုလ်ချုပ်ကြီးတွေအပေါ် ဒေါသူပုန် ထလာခဲ့ပါတယ်။ ၂၀၂၂ ဒီဇင်ဘာလကနေ လက်ရှိအချိန်အထိ ယူကရိန်းစစ်ပွဲမှာ သေဆုံးခဲ့သူ ရုရှားစစ်သား ၂၀၀၀၀ နီးပါးရှိပြီး ဒီအထဲက ထက်ဝက်ခန့်ဟာ ဝဂ္ဂနာတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ အမေရိကန်အစိုးရက ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်းမှာ ပရီဂိုရှင်ဟာ ရုရှား ကာကွယ်ရေးဝန်ကြီး ရွှိုင်ဂုနဲ့ ယူကရိန်းစစ်ဆင်ရေး အကြီးအကဲ ဘာလယ်ရီဂီရာစီမော့တို့ကို အရည်အချင်းမရှိသူတွေအဖြစ် ထပ်တလဲလဲ စွပ်စွဲပြောကြားနေခဲ့ပါတယ်။ ယူကရိန်းမှာ တိုက်ပွဲဝင်နေတဲ့ ဝဂ္ဂနာတပ်ဖွဲ့တွေအတွက် လက်နက်ခဲယမ်းတွေကိုလည်း တမင်တကာ လျှော့ချပေးပို့နေတယ်လို့ သူကစွပ်စွဲပါတယ်။

ပြီးခဲ့တဲ့လက သူ့အဖွဲ့ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင် တစ်ခုမှာဆိုရင် ပရီဂိုရှင်ဟာ ဝဂ္ဂနာတိုက်ခိုက်ရေးသမားတွေလို့ သူပြောတဲ့ အလောင်းတစ်သီတန်း ဘေးနားမှာ ရပ်နေတာ တွေ့ရပါတယ်။
“ဒီလူတွေဟာ တစ်ယောက်ယောက်ရဲ့ ဖခင်တွေ၊ တစ်ယောက်ယောက်ရဲ့ သားတွေပဲ။ …ကျုပ်တို့ကို လက်နက်ခဲယမ်း မပေးတဲ့ကောင်တွေဟာ ငရဲပြည်မှာ သူတို့ရဲ့အူတွေကို စားနေရလိမ့်မယ်” လို့ ပရီဂိုရှင်က ဗီဒီယိုမှာ ပြောခဲ့ပါတယ်။

ဇွန်လ ၂၄ ရက် စနေနေ့က ရော့စတော့အွန်ဒန်မြို့မှာ တွေ့ရတဲ့ ဝဂ္ဂနာတပ်ဖွဲ့ဝင်တွေ။ ဓာတ်ပုံ - Reuters

ဇွန်လ ၂၃ ရက် သောကြာနေ့မှာတော့ ရုရှားကိုယ်စား တိုက်ပေးနေတဲ့ သူ့တပ်တွေရဲ့ ယူကရိန်းနယ်မြေထဲက စစ်စခန်းတွေကို ဒုံးကျည်နဲ့ပစ်ခတ်ဖို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေရွှိုင်ဂုက အမိန့်ပေးခဲ့တယ်လို့ ဒေါသတကြီး စွပ်စွဲထားတဲ့ ဗီဒီယိုဖိုင်တွေနဲ့ အသံဖိုင်တွေ ပရီဂိုရှင်ဆီက ထွက်လာခဲ့ပါတယ်။

သူ့တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကိုင်ပုန်ကန်ပြီး ရွှိုင်ဂုကို အပြစ်ပေးမယ်လို့ သူကပြောသလို ရုရှားစစ်တပ်အနေနဲ့လည်း မခုခံကြဖို့ တိုက်တွန်းခဲ့ပါတယ်။
“ဒါဟာ စစ်အာဏာသိမ်းတာ မဟုတ်ဘူး။ တရားမျှတမှုအတွက် ချီတက်ပွဲပဲ” လို့ သူကပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ ဒုံးကျည်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။


မော်စကိုဘက်က ဘယ်လိုတုံ့ပြန်သလဲ

ဇွန်လ ၂၄ ရက် စနေနေ့ထုတ်ပြန်တဲ့ ရုပ်သံမိန့်ခွန်းမှာ ရုရှားသမ္မတပူတင်က ရုရှားစစ်တပ်ကို လက်နက်ကိုင် ဆန့်ကျင်တဲ့ ‘သစ္စာဖောက်’ တွေကို အရေးယူမယ်လို့ ပြောပါတယ်။
“တရားလွန် အလိုဆန္ဒတွေနဲ့ ကိုယ်ကျိုးစီးပွားတွေကတစ်ဆင့် နိုင်ငံတော်သစ္စာဖောက်မှုဆီ ဦးတည်သွားပြီ” လို့ ပူတင်က ပြောကြားသလို အခုလို အာဏာဖီဆန် ပုန်ကန်မှုဟာ ‘နောက်ကျောကို ဓားနဲ့ထိုးတာ’ လို့လည်း သူကဆိုပါတယ်။

ဝဂ္ဂနာပုန်ကန်မှုနဲ့ ပတ်သက်ပြီး ဇွန်လ ၂၄ ရက်နေ့က ရုပ်သံမိန့်ခွန်းပြောနေတဲ့ သမ္မတပူတင်။ ဓာတ်ပုံ - AP

ပရီဂိုရှင်ကို စစ်ဆေးပြီး လက်နက်ကိုင်ပုန်ကန်ဖို့ လှုံ့ဆော်မှုနဲ့ တရားစွဲမယ်လို့ ရုရှား ဖက်ဒရယ်လုံခြုံရေးဌာနရဲ့ အောက်မှာရှိတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မီတီက ပြောကြားထားပါတယ်။

အစိုးရဌာနတွေနဲ့ သယ်ယူပို့ဆောင်ရေး အဆောက်အအုံတွေ အပါအဝင် မော်စကိုမှာရှိတဲ့ အဓိကနေရာတွေမှာ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေနဲ့ အမျိုးသားအစောင့်တပ်တွေ အပြည့်ချထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ အစိုးရသတင်းအေဂျင်စီဖြစ်တဲ့ တက်စ် (TASS) ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။


ဒီဖြစ်ရပ်က ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲ

ဝဂ္ဂနာတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံထဲကို ပြန်ဝင်လာပြီး ရုရှားနိုင်ငံတောင်ပိုင်းက ရော့စတော့အွန်ဒန်မြို့မှာရှိတဲ့ ရုရှားစစ်ဌာနချုပ်ကို ဇွန်လ ၂၄ ရက်၊ စနေနေ့မှာ သိမ်းပိုက်ထားပါတယ်။ ဒီနေရာဟာ ယူကရိန်းစစ်ကို အဓိက ကွပ်ကဲနေတဲ့ ရုရှားစစ်ရုံးချုပ်တွေ ရှိရာနေရာလည်း ဖြစ်ပါတယ်။

ဝဂ္ဂနာရဲ့ လက်နက်ကိုင်ပုန်ကန်မှုဟာ သမ္မတပူတင် အာဏာရလာခဲ့တဲ့ ၁၉၉၉ ခုနှစ်နောက်ပိုင်းမှာ အရေးအကြီးဆုံး လုံခြုံရေးစိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ ရုရှားအတွက် ယူကရိန်းထဲက အရင်းအမြစ်တွေနဲ့ အင်အားစိုက်ထုတ်မှုတွေဟာ ဝဂ္ဂနာပြဿနာကြောင့် လမ်းကြောင်းပြောင်းသွားနိုင်ခြေ ရှိနေပါတယ်။

ဇွန်လ ၂၄ ရက် စနေနေ့က ရော့စတော့အွန်ဒန်မြို့မှာ ကင်းလှည့်နေတဲ့ ဝဂ္ဂနာ တင့်ကားတစ်စီး။ ဓာတ်ပုံ - AP

အခုအချိန်ဟာ သိမ်းပိုက်ခံနယ်မြေတွေကို ပြန်ရဖို့အတွက် ယူကရိန်းက တန်ပြန်ထိုးစစ်တွေ ဆင်နွှဲနေတဲ့အချိန်လည်း ဖြစ်နေပါတယ်။ ပရီဂိုရှင်နဲ့ ပူတင်ကြားက အတွင်းရေးပြဿနာကို မိမိတို့ စောင့်ကြည့်နေတယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးကလည်း “ရုရှားဟာ သူ့ရဲ့ အားနည်းချက်တွေ နုံနဲ့မှုတွေကို ဝါဒဖြန့်ချိရေးနည်းလမ်းတွေ သုံးပြီး ဖုံးဖိလာတာ ကြာပြီ။ အခုတော့ ဘယ်မုသားကိုမှ ဖုံးကွယ်လို့မရတော့အောင် ပရမ်းပတာတွေ ဖြစ်ကုန်ပြီ” လို့ တယ်လီဂရမ်မှာ စနေနေ့က ရေးသားခဲ့ပါတယ်။
“ဒုစရိုက်လမ်းကို ရွေးချယ်သူ ဘယ်သူမဆိုဟာ ကိုယ်တိုင်ပျက်စီးရတာပါပဲ” လို့လည်း သူကရေးထားပါတယ်။

၂၀၂၃၊ ဇွန် ၂၄
ကိုးကား - CNA, AFP, AP, Reuters သတင်းများ


နောက်ဆက်တွဲ (ဇွန် ၂၅)

- ဝဂ္ဂနာနဲ့ ရုရှားစစ်တပ်အကြား ပဋိပက္ခကို ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက ကြားဝင်ဖျန်ဖြေပေးလို့ ပြေလည်ပြီ။
- ဝဂ္ဂနာတပ်တွေ ရုရှားတောင်ပိုင်းက ဆုတ်ခွာပြီး ယူကရိန်းထဲ ပြန်ဝင်သွားပြီ။
- ပရီဂိုရှင် ဘယ်လာရုစ်နိုင်ငံမှာ သွားနေဖို့ သဘောတူ (သူ့နောက်လိုက်တွေရဲ့ အခြေအနေနဲ့ သူ့အခြေအနေ ဘယ်လိုဆက်ရှိမလဲ တိတိပပမသိရ)။
- ဝဂ္ဂနာကြေးစားစစ်သားတွေ ဒီလကုန် နောက်ဆုံးထားပြီး ရုရှားစစ်တပ်နဲ့ တိုက်ရိုက် စစ်မှုထမ်း စာချုပ်ချုပ်ရမယ်။
- လက်နက်ကိုင်ပုန်ကန်မှု အဆုံးသတ်သွားပြီလို့ ရုရှားအစိုးရ ထုတ်ပြန်၊ မော်စကို ကရင်မလင်တဝိုက်ကလွဲပြီး မနေ့က လုံခြုံရေး တင်းကြပ်ခဲ့တဲ့ မြို့တွေမှာ ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီ။