ကိုဗစ်ကပ်ဘေးလွန်ရင် ပညာရေးနဲ့ လုပ်ငန်းခွင်မှာ တော်လှန်ရေးကြီးတစ်ရပ် ပေါ်လာမယ် - သောမတ် ဖရိုက်မန်း

ဓာတ်ပုံ – Thomas L. Friedman Twitter

ဆောင်းပါးရှင် သောမတ် အယ်လ် ဖရိုက်မန်းသည် တိုင်းမ်မဂ္ဂဇင်း၏ နိုင်ငံတကာရေးရာ အတွေးအမြင် ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်ပြီး ပူလစ်ဇာဆု သုံးကြိမ်ဆွတ်ခူးရရှိထားသည်။ လက်ဇပ်ကားနှင့်သံလွင်ပင်၊ ကမ္ဘာပြားပြီ အစရှိသော စာအုပ်များအပါအဝင် စုစုပေါင်း ၇ အုပ်ရေးသားထားပြီး အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးစာပေဆုဖြစ်သည့် National Book Award ဆုကို သုံးကြိမ် ဆွတ်ခူးထားသူဖြစ်သည်။ ယခုဆောင်းပါးသည် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

ဘုရားသခင်ဟာ ဆန်းကြယ်တဲ့နည်းလမ်းတွေနဲ့ အလုပ်လုပ်ပါတယ်။ သူ (သူမ ဖြစ်ချင်လည်း ဖြစ်မှာပေါ့လေ) ဟာ ကျွန်တော်တို့ သင်ယူအားထုတ်ပြီး တာဝန်ထမ်းဆောင်ရတဲ့ လမ်းကြောင်းပေါ်မှာပဲ ကပ်ဘေးကြီးတစ်ခုကို အရွေ့တစ်မျိုးအဖြစ်နဲ့ ကျွန်တော်တို့ဆီ ချပေးလိုက်တယ်။ အသင့်ပြင်ထားကြပေတော့။ ဒီ ကိုဗစ်အကျပ်အတည်းကနေ ပြန်ရုန်းထလာတဲ့အချိန်ကျရင် ကျွန်တော်တို့ဟာ ရွှန်းပီတာရဲ့ ‘အစဉ်အလာဟောင်းတွေကို ရိုက်ချိုးပြီး ပုံသစ်လောင်းခြင်း’ (Schumpeterian Creative Destruction) ခေတ်တွေထဲက အကြီးကျယ်ဆုံးတစ်ခေတ်ကို မျက်မှောက်ကြုံကြရတော့မယ်။ ဒီကပ်ဘေးကြီးဟာ အရှိန်အဟုန်နဲ့ တိုက်စားသွားမှာ။

အလုပ်၊ ကျောင်း၊ တက္ကသိုလ်၊ စက်ရုံ၊ ရုံး ဘာတစ်ခုမှ ချမ်းသာရာရမှာ မဟုတ်ဘူး။ ကိုဗစ်လှိုင်းလုံးကြီးဟာ ကော်လာဖြူ ကော်လာပြာ အလုပ်သမားတွေကိုလည်း တိုက်စားသွားလိမ့်မယ်။ ဒါကြောင့်ပဲ လက်ရှိ အမေရိကန်ရွေးကောက်ပွဲကြီးလည်း အထူး အရေးပါနေတာ ဖြစ်ပါတယ်။ အမေရိကန်တွေအတွက် အလွယ်တကူ ဆေးဝါးကုသနိုင်တဲ့ အစီအစဉ်တွေ၊ ရွှေ့ပြောင်းပင်စင်တွေ (အလုပ်အပေါ် မူတည်ပေးတာမဟုတ်ဘဲ လူအပေါ်မူတည်ပြီး ပေးတဲ့ပင်စင်၊ ဒီနည်းအားဖြင့် အလုပ်တွေ ပြောင်းလုပ်လည်း အချိန်တန်ရင် ပင်စင်ရမယ်)၊ ဒီကပ်ဘေးကာလဆီက အကောင်းဆုံးတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူဖို့နဲ့ အဆိုးဆုံးတွေကို ခုခံကာကွယ်ဖို့ အခွင့်အရေးတွေဟာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးက ဆောင်ကြဉ်းလာရမယ့် အရာတွေဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ခဲ့ရင်တော့ ကျွန်တော်တို့တစ်တွေ ကသောင်းကနင်း ဖြစ်ကြရပါတော့မယ်။

ကပ်ဘေးအလွန်ကာလဟာ အပျက်အစီးများသလို ဖန်တီးမှုအားလည်း ကောင်းမယ်လို့ ပြောရတာ အကြောင်းရှိပါတယ်။ ဖြေရှင်းစရာ ကျန်းမာရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ ပြဿနာရပ်အများအပြားဟာ ခုထိ ရှိနေသေးတဲ့အတွက် လူအများစုဟာ ဆန်းသစ်တီထွင်မှုတွေကို စျေးချိုချိုနဲ့ တစ်ခါမှမရဖူး၊ အားကောင်းပြီး စျေးမကြီးတဲ့ ကွန်ပျူတာတွေ သုံးခွင့်မရဖူး၊ ထုတ်ကုန်အသစ် ဝန်ဆောင်မှုအသစ်တွေ ဖန်တီးဖို့ စျေးသက်သာတဲ့ချေးငွေတွေ မရဖူးခဲ့ကြပါဘူး။

ခုတော့ ဒါတွေအကုန် သွားပေရော့။

အံ့သြဘနန်းကိစ္စရပ်တွေ ပေါ်ထွက်လာတာ၊ ပဝေသဏီကနေ တည်ထောင်ခဲ့တဲ့ တက္ကသိုလ်လို အင်စတီကျူးရှင်းတွေ ပျောက်ကုန်တာ၊ ပြီးတော့ လုပ်ငန်းရဲ့သဘောသဘာဝ ဖြစ်တဲ့ လုပ်ငန်းခွင်နဲ့ လုပ်သားအင်အားပုံစံတွေ ပြောင်းကုန်တာကို ခင်ဗျား မြင်ရတော့မှာ။

ဒီကာလကို ကျွန်တော် ရာဗီကူးမားနဲ့ ဆွေးနွေးနေခဲ့တာ။ ရာဗီက အိန္ဒိယနည်းပညာဝန်ဆောင်မှု ကုမ္ပဏီ အင်ဖိုဆစ်ရဲ့ ဥက္ကဌ။ သူ့ရုံးချုပ်က ဘန်ဂလောမှာ။ အင်ဖိုဆစ်က ကုမ္ပဏီတွေ ဒီဂျစ်တယ်ကမ္ဘာကြီးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်အောင် ကူညီပေးနေတာဆိုတော့ ကျွန်တော့အတွက်က ဒီကုမ္ပဏီဟာ လခစားအလုပ်နဲ့ ပညာရေး လမ်းကြောင်းတွေကို ကမ္ဘာနဲ့ချီလေ့လာနိုင်တဲ့ ရင်းမြစ်ကြီးတစ်ခုပဲ။ ကျွန်တော့်စာအုပ် “ကမ္ဘာပြားပြီ” (The World is Flat) ကိုလည်း ၂၀၀၄ တုန်းက အဲဒီမှာစရေးခဲ့တာ။ အဲဒီတုန်းကတော့ အင်ဖိုဆစ်ရဲ့ ပင်မစီးပွားရေးက အမေရိကန်ကုမ္ပဏီတွေ အိန္ဒိယဆီ အငှားချ (Outsource) ပေးလိုက်တဲ့ အလုပ်တွေပေါ့လေ။ ခုချိန်မှာတော့ ကူးမားက နယူးယောက်ကနေ စီမံခန့်ခွဲပြီး အမေရိကားအတွက် အလုပ်ပေါင်းထောင်ချီ ဖန်တီးပေးနေပြီ။ ဘယ်လိုများ လုပ်နေတာပါလိမ့်။

တကယ်တမ်း ပြောရရင်တော့ဗျာ.. တဲ့။ ကူးမာကဆိုတယ်။ စက်မှုတော်လှန်ရေးကြီးက အလုပ်ရှင်နဲ့ အလုပ်သမားကြား၊ ပညာတတ်နဲ့ အလုပ်ရှင်ကြား၊ အစိုးရနဲ့ အလုပ်ရှင်တွေ ပညာတတ်တွေကြားမှာ သိသာတဲ့ခြားနားချက်တွေ ရှိနေတဲ့ ကမ္ဘာကြီးတစ်ခု ဖန်တီးပေးလိုက်တယ်တဲ့။ ဒါပေမဲ့ ခုတော့ ဒီခြားနားချက် စည်းတွေအကုန်လုံး ပါးလျားဝေဝါးကုန်ပြီတဲ့။

နည်းပညာအပြောင်းအလဲ၊ ဒီဂျစ်တယ်အကူးအပြောင်းနဲ့ ဂလိုဘယ်လိုက်ဇေးရှင်း တွေရဲ့ ခြေလှမ်းတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့အတွက် ဖြစ်စဉ်နှစ်ခုဟာ တစ်ချိန်တည်းမှာ ဖြစ်ပျက်နေကြသတဲ့။ ဒီနှစ်ခုကတော့ ကမ္ဘာကြီး ပိိုပိုစုစုစည်စည်း ဖြစ်လာတာ (ကပ်ဘေးနဲ့ နိုင်ငံရေးကြောင့် ကုန်ပစ္စည်းနဲ့ လူထုအကြား ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် နှေးကွေးသွားတယ် ဆိုပေမယ့် ဝန်ဆောင်မှုတွေကတော့ တဟုန်ထိုးမြင့်တက်လာတယ်) နဲ့ ကျွမ်းကျင်မှုတွေရဲ့ သက်တမ်းထက်ဝက်လောက်ဟာ မှန်မှန်ကျုံ့လာနေတာတဲ့။ ကူးမားပြောချင်တာက ဒီကာလမှာ ခင်ဗျား ဘာပညာပဲ တတ်ထားတတ်ထား ဒီပညာရပ်ရဲ့ နောက်ကောက်ကျမှုနှုန်းဟာ မြန်သထက်မြန်လာနေတယ် ဆိုတဲ့သဘောပါ။

ခင်ဗျားတို့ရဲ့ သားသမီးတွေဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက် အလုပ်နဲ့ ပညာရပ်အမျိုးမျိုး လှည့်ပြောင်းလုပ်နေရလောက်တယ်။ သဘောက သူတို့ရဲ့ လုပ်သက်ဟာ ရိုးရိုးရှင်းရှင်း “သင်ယူပြီး လုပ်ငန်းခွင်ဝင်” အဆင့်မဟုတ်တော့ဘူး။ “လိုက်လျောညီထွေဖြစ်မှုရဲ့ အကျိုးကျေးဇူး” စာအုပ်ရဲ့ ပူးတွဲစာရေးသူ ဟီသာမက်ဂိုဝင်ရဲ့ စကားကို ယူပြောရရင်တော့ သူတို့ရဲ့ လုပ်သက်တစ်လျှောက်လုံး “အလုပ်လုပ်-သင်ယူ ထပ်လုပ်-ထပ်သင်ယူ ထပ်လုပ်-ထပ်သင်ယူ” ပုံစံမျိုး ဖြစ်လာရတော့မှာ။

“ပညာသင်ယူခြင်းဟာ ပင်စင်စနစ်အသစ်” လို့ မက်ဂိုဝင်က ဆိုတယ်။ ဒါဟာ ကိုယ့်ရဲ့အနာဂတ်တန်ဖိုးကို ကိုယ်တိုင် နေ့တိုင်းဖန်တီးနိုင်တဲ့ နည်းလမ်းပါတဲ့။

ဒါကြောင့် လူငယ်တွေ ဘဝတစ်သက်တာ သင်ယူတတ်သူတွေ ဖြစ်သွားအောင် သူတို့ဆီမှာ စူးစမ်းသင်ယူမှုနဲ့ စိတ်အားထက်သန်မှုတွေ ထည့်ပေးလိုက်ဖို့ အတွက် အခြေခံပညာကျောင်းက ဆရာတွေရဲ့ အခန်းကဏ္ဍဟာ အထူးအရေးပါလာပါတယ်။

လူတိုင်းဟာ အရေး၊ အဖတ်နဲ့ တွက်ချက်နိုင်စွမ်းမှာ အခြေခိုင်ဖို့ လိုအပ်ဆဲဆိုတာကတော့ ကတော့ ရှင်းပါတယ်။ ဒါပေမဲ့ အလုပ်နဲ့ ကျွမ်းကျင်မှုတွေ သုံးလေးကြိမ် ပြောင်းလဲလုပ်ကိုင်ရမယ့် ကမ္ဘာကြီးမှာ တစ်သက်တာသင်ယူသူ တစ်ယောက် ဖြစ်လာဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စိတ်အားတက်ကြွအောင် လှုံ့ဆော်နိုင်ရေးဟာ အဓိကလိုအပ်ချက်ကြီး ဖြစ်လာပြီ။

တစ်ပြိုင်တည်းမှာပဲ ဒီဂျစ်တယ်အရွေ့နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အရှိန်အဟုန်ဟာ မော်ဂျူး အစိတ်အပိုင်း သေးသေးလေးတွေ အဖြစ် ခွဲထွက်သွားပြီး မှန်မှန် အလုပ်ဖြစ်နေပါတယ်။ ဒီအစိတ်အပိုင်းလေးတွေဟာ ကုမ္ပဏီတွေက အငှားချလိုက်တာတွေပေါ့။ ကုမ္ပဏီတွေဟာ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ဖန်တီးရာမှာ ဒီမော်ဂျူးအစိတ်အပိုင်းတွေကို ပေါင်းစပ် လမ်းကြောင်းချပေးတဲ့ ပလက်ဖောင်းတွေ ဖြစ်လာပါလိမ့်မယ်။

ဒီဖြစ်စဉ်မှာ ကုမ္ပဏီကနေ အလုပ်တွေ ခွဲထွက်သွားတဲ့နှုန်းဟာ ပိုမြင့်တက်လာမယ်၊ အလုပ်ရာထူးနဲ့ လုပ်ငန်းကိစ္စရပ်တွေဟာလည်း တစ်ခုနဲ့တစ်ခု သီးခြားစီဖြစ်နှုန်း ပိုမြင့်တက်လာမယ်လို့ ကူးမားက ဆိုတယ်။ တစ်ချို့အလုပ်တွေကို စက်နဲ့လုပ်လာကြမယ်၊ တချို့အလုပ်တွေက ရုံးတို့ စက်ရုံတို့မှာ လူကိုယ်တိုင် ရှိနေဖို့ လိုလိမ့်မယ်၊ တချို့အလုပ်တွေကျတော့ အဝေးက လှမ်းလုပ်လို့ရလိမ့်မယ်၊ တစ်ချို့အလုပ်တွေ ကျပြန်တော့လည်း ဘယ်နေရာက ဘယ်သူ့ကိုမဆို အငှားချပေးလိုက်လို့ ရတာမျိုးတွေ ဖြစ်လာလိမ့်မယ်တဲ့။

အလုပ်တွေဟာ မော်ဂျူးသဘောပိုဆန်လာပြီး ရုံးတွေ စက်ရုံတွေကနေ သီးခြားခွဲထွက်ပြီး ဒီဂျစ်တယ်လိုင်းဘက်ကို ပြောင်းလာတာနဲ့အမျှ ဝေးလံခေါင်သီနေရာကလူတွေ၊ လူနည်းစုတွေ၊ အိမ်နေမိဘတွေနဲ့ မသန်စွမ်းတွေလိုမျိုး လူပေါင်းစုံဟာ ဒီအလုပ်တွေကို သူတို့ရဲ့ နေအိမ်တွေကနေ ဝင်ရောက်လုပ်ကိုင်နိုင်စွမ်း ရှိလာကြတော့မှာ။

ကူးမားတစ်ယောက် လက်ရှိအချိန်မှာ နယူးယောက်ကနေ စီမံခန့်ခွဲနေရတဲ့ အကြောင်းရင်းက ဒီကမ္ဘာသစ်ကြီးအတွက် ကြိုတင်ပြင်ဆင်ဖို့ အမေရိကန်ကုမ္ပဏီတွေကို အကူအညီပေးဖို့ လိုအပ်တဲ့ စျေးကွက်ကြီးတစ်ခု ရှိနေတာကို မြင်လို့ဖြစ်ပါတယ်။ သူက အလားအလာကောင်းတဲ့ ဝန်ထမ်းသစ်တွေ (ဘွဲ့ရတာ/မရတာ အဓိကမကျ) ရှာဖွေပြီး သူတို့ကို အွန်လိုင်းသင်တန်းတွေပေး၊ ပြီးတော့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးတယ်။ မဟာ့မဟာကုမ္ပဏီကြီးတွေအားလုံး ဒီလမ်းကြောင်းကို ဖြတ်လျှောက်နေကြရပြီ၊ ခုမလျှောက်လည်း နောင်မှာ မဖြစ်မနေ လျှောက်လာကြပါလိမ့်မယ်။ နယူးယောက်တိုင်းမ်လည်း ဒီအထဲ ပါတယ်။

တိုင်းမ်ရဲ့ အွန်လိုင်းဝက်ဘ်ဆိုက် အတွေးအမြင်ကဏ္ဍမှာ ပါဝင်ရေးသားနေသူတွေကိုပဲ ကြည့်လိုက်ပါ။ ၁၉၉၅ တုန်းက တိုင်းမ်မှာ ကျွန်တော် ကော်လံစားဖြစ်ခဲ့စဉ်က အနေအထားနဲ့ လုံးလုံး မတူတော့ပါဘူး။ အဲဒီတုန်းကဆိုရင် စာရေးဖို့အတွက် ဝန်ထမ်းဖြစ်ဖို့ လိုတယ်။ ဒီနေ့ခေတ်မှာကျတော့ အချိန်ပြည့်ဝန်ထမ်း ကော်လံစား စာရေးဆရာတွေရှိတယ်၊ ဝန်ထမ်းမဟုတ်ဘဲ ကမ္ဘာတစ်ဝန်းကနေ စာရေးပို့နေသူတွေ ရှိတယ်၊ တစ်ပုဒ်ပဲ တစ်ခါပဲ ရေးပို့သူတွေလည်း ဒုနဲ့ဒေး။ ကျွန်တော်တို့ရဲ့ စာတွေအောက်က မှတ်ချက်ကောမန့်တွေကို စိစစ်ပေးနေသူတွေဟာ ကမ္ဘာတစ်ဝန်း နေရာအနှံ့အပြားကနေ ဒီဝက်ဘ်ဆိုက်ထဲမှာ ဝင်လုပ်နေကြသူတွေ။ အလုပ်အများစုက အလွတ်ဝန်ထမ်း (ဖရီးလန့်စ်သမား)တွေ။ ကျွန်တော့်စာတွေကို တောက်လျှောက် ပရုဖ်ဖတ်ပေးနေသူဆိုရင် သူ့အိမ်ကပဲ အလုပ်လုပ်နေတာ။

ဒီအချက်ဟာ ပညာရေးမှာလည်း ဧရာမအကျိုးသက်ရောက်မှု ရှိပါတယ်။ “ကျွန်တော်တို့ဆီမှာ ဘာဘွဲ့မှ မရှိဘဲ အလုပ်ခန့်ထားသူတွေ အများကြီးရှိနေပြီ” လို့ ကူးမားက ရှင်းပြပါတယ်။ “ခင်ဗျားအလုပ်ကို ခင်ဗျားသိတယ်၊ သိကြောင်းလည်း သရုပ်ပြနိုင်တယ်၊ ကျွန်တော်တို့လိုအပ်တဲ့ အလုပ်ပုံစံအတွက် အွန်လိုင်းသင်တန်းတွေနဲ့ ခင်ဗျားရဲ့ကျွမ်းကျင်မှုကိုလည်း မြှင့်တင်နေတယ်ဆိုလို့ကတော့ အလုပ်ရပြီလို့သာ မှတ်လိုက်တော့။ တက္ကသိုလ်ပညာရေးအတွက် ကုန်ကျစရိတ်ဟာ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း တစ်ဆခွဲလောက် မြင့်တက်လာတာဆိုတော့ ဘွဲ့လက်မှတ်ထက် ကျွမ်းကျင်မှုကို ဦးစားပေးလာတဲ့ ဒီအရွေ့ဟာ ဒီဂျစ်တယ်အကန့်တစ်ခုဆီ ရောက်လာနိုင်တယ်လို့ ကျွန်တော်တို့ယူဆတယ်” လို့ ကူးမားက ဆိုပါတယ်။

အင်ဖိုဆစ်မှာ အင်ဂျင်နီယာတွေလည်း အများကြီး အလုပ်ခန့်ထားဆဲပါ။ ဒါပေမဲ့ ဒီနောက်ပိုင်းတော့ ကူးမားက “ပြဿနာဖြေရှင်းသူ” တင်မဟုတ်ဘဲ “ပြဿနာတွေ ရှာဖွေဖော်ထုတ်သူ” တွေကိုပါ ရှာသတဲ့။ ဒီလူစားတွေဟာ အနုပညာ၊ စာပေ၊ သိပ္ပံ၊ မနုဿဗေဒလို စိတ်ဝင်စားမှုမျိုးစုံနဲ့ လူတွေဖြစ်ပြီး လူတွေ ဘာလိုချင်တယ်ဆိုတာကို လူတွေမသိခင် သူတို့က အရင်ရှာဖွေသိရှိထားသူမျိုးပါ။
စတိဗ်ဂျော့ဆိုရင် တကယ့်ကို ပြဿနာအရှာကောင်းသူပေါ့။

ခုဆို လူတော်တော်များများ ဒါကို သုံးနိုင်နေပြီ။ ဘာလို့ဆို ဆော့ဖ်ဝဲအသစ်တွေ သုံးဖို့ ခင်ဗျားကိုယ်တိုင် ကုဒ်ရေးတတ်စရာ မလိုတော့ဘူးလေ။ ဉာဏ်ရည်တု AI ရဲ့ ကျေးဇူးကြောင့် ခုဆို ကုဒ်ထုတ်ပေးတဲ့ ဆော့ဖ်ဝဲတွေလည်း ရှိနေပြီ။ ခင်ဗျားလိုချင်တဲ့ အက်ပလီကေးရှင်း ဒီဇိုင်းအတွက် လိုအပ်တဲ့ကုတ်တွေ ထုတ်ပေးဖို့ ဆော့ဖ်ဝဲကို ညွှန်ကြားလိုက်ရုံနဲ့ သူ့ဆီကကုဒ်တွေ တန်းထုတ်ပေးလိမ့်မယ်။

“ကျွန်တော်တို့က အခု ဆော့ဖ်ဝဲလောကရဲ့ ဒီမိုကရေစီပြောင်းလဲရေးခေတ်ကို မြင်နေရတာဗျ။ စားသုံးသူတွေကိုယ်တိုင်ဟာ ဖန်တီးသူတွေ ဖြစ်နိုင်ပြီ”
ဒါကတော့ ကူးမားရဲ့ ရှင်းပြချက်ပါ။ ဉာဏ်ရည်တုနည်းပညာဟာ အတိတ်ကအလုပ်တွေကို ဖယ်ရှားပြီး တစ်ပြိုင်တည်းမှာ အလုပ်သစ်တွေ ဖန်တီးပေးလာတော့မယ် ဆိုတာကို ပြနေပါတယ်။

ကူးမား ပြောထားတဲ့ နောက်ဆုံးတစ်ချက် ရှိပါသေးတယ်။ သူ့အဆိုအရ အနာဂတ်မှာ အထက်တန်းပညာရေးနဲ့ ကျောင်းပြင်ပ ပညာရေးတွေဟာ ကုမ္ပဏီပလက်ဖောင်းတွေ၊ ကောလိပ်နဲ့ စာသင်ကျောင်းတွေရဲ့ ပေါင်းစပ်ဂေဟစနစ်တစ်ခု ဖြစ်လာတော့မှာပါ။ ဒီပလက်ဖောင်းတွေရဲ့ ပန်းတိုင်ဟာလည်း တစ်သက်တာ “ကျွမ်းကျင်မှုကို လုံးလုံးလျားလျား ပုံစံပြောင်းနိုင်စွမ်း” အတွက် အခွင့်အလမ်းဖန်တီးပေးရေး ဖြစ်လာရတော့မှာပါ။

“Radical Reskilling လို့ခေါ်တဲ့ ကျွမ်းကျင်မှုကို လုံးလုံးလျားလျား ပုံစံပြောင်းနိုင်စွမ်းဆိုတာ ကျွန်တော်က ဟိုတယ်စာရေး ဝင်လုပ်မယ်ဗျာ၊ အဲဒီစာရေးကို ဆိုက်ဘာလုံခြုံရေး ပညာရှင်အဖြစ် ပြောင်းလိုက်မယ်။ ဒါမှမဟုတ် ကျွန်တော် လေယာဉ်လက်မှတ် အရောင်းဝန်ထမ်းလုပ်မယ်၊ ဒီဝန်ထမ်းကို ဒေတာအတိုင်ပင်ခံ လုပ်ခိုင်းလိုက်မယ်” ဒီသဘောပါတဲ့။

ဒီနေ့မှာဆိုရင် အင်ဖိုဆစ်၊ အိုင်ဘီအမ် ဒါမှမဟုတ် အေတီအင်တီ (AT&T) လို ကုမ္ပဏီတွေအားလုံးဟာ ခေတ်မီ ရုံးတွင်းတက္ကသိုလ်တွေ ဖန်တီးပြီး နောက်ဆုံးပေါ် အလုပ်တွေအတွက် လိုအပ်တဲ့ အနုစိတ်ကျွမ်းကျင်မှုတွေ သင်ကြားပေးနေပါပြီ။ အင်ဖိုဆစ်ဆိုရင် အင်ဒီယာနာပိုလစ်မှာ ဧကတစ်ရာကျယ်တဲ့ သင်ကြားရေး ပရိဝုဏ်တစ်ခု ဆောက်နေပြီ။ သူတို့ရဲ့ ဝန်ထမ်းတွေနဲ့ စားသုံးသူတွေကို ပညာရပ်တွေသင်ပေးဖို့ ရည်ရွယ် ဆောက်လုပ်နေတာပါ။ ဒီပညာရပ်တွေဟာ ကိုယ့်အလုပ်အတွက် လိုကောင်းလိုလာနိုင်တဲ့ အတွက် သင်ထားရမယ့် ပညာမျိုးမဟုတ်ဘဲ အလုပ်အတွက် လိုအပ်တာကိုပဲ အချိန်ကိုက်ရွေးသင်တာမျိုး ဖြစ်မယ်လို့ ကူးမားက ရှင်းပြပါတယ်။

အနာဂတ်မှာ တစ်သက်တာသင်ကြားရေးကို “အစိတ်အပိုင်းများစွာ လိုက်လျောညီထွေ ပေါင်းစပ်ဆောင်ရွက်မှု” နဲ့ ဆောင်ရွက်ကြလိမ့်မယ်။ အင်ဖိုဆစ်၊ မိုက်ခရိုဆော့ဖ် ဒါမှမဟုတ် အိုင်ဘီအမ်လို ကုမ္ပဏီတွေဟာ တက္ကသိုလ်ပေါင်းစုံနဲ့သာမက အထက်တန်းကျောင်းတွေနဲ့ပါ မိတ်ဖက်ဖြစ်လာမယ်လို့ ကူးမားက ဆိုတယ်။ တက္ကသိုလ်ကျောင်းသားတွေဟာ လုပ်ငန်းလိုအပ်ချက်နဲ့ ကွက်တိကျတဲ့ အချိန်ကိုက်သင်ရိုးတွေ သင်ကြားနိုင်မယ်၊ ဒါမှမဟုတ်လည်း ကုမ္ပဏီတွေရဲ့ ရုံးတွင်းတက္ကသိုလ်တွေမှာ အလုပ်သင်အဖြစ် ဝင်လုပ်နိုင်မယ်။ ရုံးဝန်ထမ်းတွေဆိုရင်လည်း လိုရမည်ရ လူမှုရေးဘာသာရပ်တွေကို တက္ကသိုလ်ပြင်ပမှာ သင်ယူနိုင်မယ်။ နှစ်ဘက်လုံးဟာ တစ်ချိန်တည်းမှာ သင်ယူ၊ ဝင်ငွေရ၊ အလုပ်ရမယ့်နည်းလမ်းပေါ့။ ဒီစနစ်ကို အခု စတင်ကျင့်သုံးနေပါပြီ။

ဒီနည်းလမ်းဟာ မှန်မှန်ကန်ကန်သာလုပ်ရင် အလားအလာ သိပ်ကောင်းပါတယ်။ ကျောင်းသားတွေဟာ အသစ်လွင်ဆုံး တီထွင်ဖန်တီးမှု နည်းပညာတွေ နည်းနာတွေနဲ့ ထိတွေ့ခွင့်ရမှာ။ ကုမ္ပဏီဘက်က ဆိုရင်လည်း အင်ဂျင်နီယာတွေ စီမံခန့်ခွဲရေးသမားတွေဟာ ပြည်သူ့နီတိ၊ ကိုယ်ကျင့်တရား၊ ဓမ္မဓိဋ္ဌာန်ကျမှု အယူအဆတွေ၊ ဒီမိုကရေစီရဲ့ အခြေခံမူဘောင်တွေ၊ လူထုရဲ့ကောင်းကျိုးကို နားလည်သဘောပေါက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒ၊ အရေးပါအရာရောက်တဲ့ ဘဝတစ်ခုကို ဘယ်လိုတည်ဆောက်မလဲ စတဲ့ အဓွန့်ရှည်ခိုင်မြဲဆုံး ကိစ္စရပ်တွေနဲ့ ထိတွေ့ခွင့်ရကြမှာဖြစ်ကြောင်းပါ။

Thomas L. Friedman ရေးသားထားတဲ့ “After the Pandemic, a Revolution in Education and Work Awaits” ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။