ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တရုတ်သမ္မတ ရှီကျင့်ဖျင်အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ဒါကာမြို့ရှိ ဝန်ကြီးချုပ်ရုံးတွင် မတွေ့ဆုံမီ လက်ဆောင်ပန်းစည်း ပေးအပ်စဉ်။ ဓာတ်ပုံ - Asia Times |
"ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်ရဲ့အကူအညီနဲ့ နိုင်ငံတွင်း အရေးပါတဲ့ အခြေခံအဆောက်အဦ ပြတ်လပ်မှုတွေကို ဖြေရှင်းနေတဲ့ တချိန်တည်းမှာပဲ ကြွေးမြီထောင်ချောက်ကိုလည်း အထိုက်အလျောက် ရှောင်ရှားနိုင်တာကို တွေ့ရပါတယ်။"
တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်အတွက် ဖွံ့ဖြိုးရေးအကူအညီတွေ အများဆုံးပေးအပ်နေတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ နှစ်နိုင်ငံဟာ ၂၀၁၆ ခုနှစ်တည်းက မဟာဗျူဟာမြောက် စီးပွားဖက်တွေ ဖြစ်နေတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တရုတ်ရဲ့ ရပ်ဝန်းနဲ့လမ်းစီမံကိန်း (BRI) မှာ တခြားသော နိုင်ငံ ၁၅၀ နဲ့အတူ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်တည်းက ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်အကြား သဘောတူထားတဲ့ ရပ်ဝန်းနဲ့လမ်းလက်အောက်ခံ စီမံကိန်း ကိုးခုရှိပါတယ်။ ဒီအထဲမှာ ပါဒမာ ရထားလမ်းဆက်သွယ်ရေး၊ ကာနာဖူလီမြစ်အောက်က ဘန်ဂါဘန်ဒူး ရေအောက်ဥမင်နဲ့ ဒါရှာကန်ဒီ ရေဆိုးသန့်စင်စက်ရုံတို့လည်း ပါဝင်ပါတယ်။
ဒီသုံးခုဟာ ပြီးခါနီးပါပြီ။ နောက်ထပ် ခြောက်ခုကတော့ ဆောက်လုပ်ဆဲ ဒါမှမဟုတ် လုပ်ငန်းစတင်ဖို့ စောင့်ဆိုင်းနေတဲ့ စီမံကိန်းတွေပါ။ တရုတ်ဟာ ရပ်ဝန်းနဲ့လမ်းစီမံကိန်းအတွက်အပြင် အများပိုင်-တသီးပုဂ္ဂလပိုင် စီးပွားရေးမိတ်ဖက်နဲ့ အတိုးနည်းချေးငွေ (Soft Loans) တွေအပါအဝင် ဖွံ့ဖြိုးရေးချေးငွေတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ ထောက်ပံ့ပေးနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ဒီချေးငွေတွေနဲ့ စီမံကိန်းတွေကို စိတ်လိုလက်ရ လက်ခံထားတဲ့အတွက် နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ရှစ်နှစ်တာအတွင်း တရုတ်စီမံကိန်း အရေအတွက် အများအပြား တိုးပွားလာခဲ့ပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးမှာ ‘ကြွေးမြီထောင်ချောက်’ တစ္ဆေက လွှမ်းမိုးနေပြီး သံသယရှိသူတွေကလည်း သီရိလင်္ကာရဲ့ ဟမ်ဘန်တိုတာဆိပ်ကမ်းအငှား သဘောတူညီချက်နဲ့ နှိုင်းယှဉ်ပြောဆိုနေကြပေမယ့် ဘင်္ဂလားဒေ့ရှ်ကတော့ ဒါကာရဲ့ ရေရှည်တည်တံ့တဲ့ အဆောက်အဦ မောင်းနှင်အားကျေးဇူးနဲ့ (အနည်းဆုံးတော့ သူ့နိုင်ငံမှာ) ဒီတစ္ဆေကို ယုံတမ်းစကား သဘောအဖြစ် သက်သေပြနိုင်ခဲ့ပုံ ပေါ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ အင်အားကြီးပြိုင်ဘက်တွေကြားမှာ ဘက်မလိုက်တဲ့မူဝါဒ ကျင့်သုံးဖို့ ဆုံးဖြတ်ထားတယ် ဆိုပေမယ့် တရုတ်နဲ့ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနယ်ပယ်တွေမှာ နက်ရှိုင်းစွာ ထိတွေ့ဆောင်ရွက်မှုက အမေရိကန်ရဲ့အမြင်မှာ ‘တရုတ်ယိမ်းနိုင်ငံ’ ဆိုတဲ့ပုံရိပ်ကို ဖြစ်ပေါ်စေပါတယ်။ ကြွေးမြီထောက်ချောက်နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေပေမယ့် ဘင်္ဂလားဒေ့ရှ်ဟာ BRI နဲ့ တခြားသော တရုတ်စီမံကိန်းတွေကနေ အသားတင်အကျိုးအမြတ် ရရှိနေပုံပါပဲ။
[အသားတင်အကျိုးအမြတ်ဆိုတာ စီမံကိန်းတစ်ရပ်ရဲ့ အမြတ်အစွန်း အားလုံးကို ပေါင်းထားတဲ့ပမာဏထဲကနေ သူ့ကုန်ကျစရိတ်စုစုပေါင်းကို နုတ်ပြီးနောက် ကျန်ခဲ့တဲ့ပမာဏဖြစ်ပါတယ်။ အသားတင်အကျိုးအမြတ်ဟာ တစ်ကျော့ပြန်ဂန္ထဝင်စီးပွားရေး (Neoclassical Economics) မှာ အောင်မြင်မှုနဲ့ ကျရှုံးမှုကို တိုင်းတာဆုံးဖြတ်ရာမှာ ပေါ်ပြူလာပိုကျတဲ့ နည်းလမ်းဖြစ်တဲ့ အမြတ်အစွန်းနဲ့ ကုန်ကျစရိတ်ကို အချိုးချပြီး ရရှိလာတဲ့ ရလဒ်နဲ့ မတူဘဲ ရာနှုန်းပြည့်အကျိုးအမြတ် ပမာဏကို တွက်ချက်ပေးပါတယ်။]
အသားတင်အကျိုးအမြတ်ကို ပုံမှန်အားဖြင့်ဆိုရင် ကိန်းဂဏန်းတွေနဲ့ (ဥပမာအားဖြင့် ငွေကြေးပမာဏဘယ်လောက်) ဖော်ပြကြမှာ ဖြစ်ပေမယ့် ရပ်ဝန်းနဲ့လမ်းစီမံကိန်းတွေကနေ ဘင်္ဂလားဒေ့ရှ်ဟာ ဘယ်ရွေ့ဘယ်မျှ ရရှိနေတယ်ဆိုတဲ့ ရေတွက်တိုင်းတာမှုတွေတော့ မကြားမိပါဘူး။
ဒီဆောင်းပါးမှာ အိုင်ဒီယာတစ်ခုကို အနှစ်ချုပ် ဖော်ပြလိုတဲ့အတွက်သာ ‘အကျိုးအမြတ်’ဆိုတဲ့ စကားလုံးကို ‘အရည်အသွေး’ သဘောနဲ့ သုံးထားတာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အတွက် ထည့်ဝင်လိုက်တာက ငွေကြေးဖြစ်နေပေမယ့် ထွက်လာတဲ့ရလဒ်တွေက အမျိုးစုံကွဲပြားပါတယ်။ ဒီဆောင်းပါကို ရေးသားသူကတော့ ပိုကောင်းတဲ့ရလဒ်တွေလို့ မြင်ပါတယ်။ ဒီအမြင်နဲ့ကြည့်ရင် အသားတင်အကျိုးအမြတ်တစ်ရပ် ရှိတယ်လို့ပဲ ဆောင်းပါးရှင်အနေနဲ့ မှတ်ယူပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ အခြေအခံအဆောက်အဦ မောင်းနှင်အား
ပြီးခဲ့တဲ့ ဆယ်နှစ်တာအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဟာ ဆက်သွယ်ရေးကဏ္ဍကို အဆင့်မြှင့်နိုင်ရေးအတွက် နိုင်ငံရဲ့ အမျိုးသားမူဝါဒကို ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးဘက်ဆီ အာရုံစိုက်ခဲ့ပါတယ်။ အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးမှုဟာ နိုင်ငံ့စီးပွားရေး အရွယ်အစားကို တိုးချဲ့ရာမှာသာမက လူမှုယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခြင်းအတွက်ပါ မရှိမဖြစ်လိုအပ်ချက်တစ်ရပ် ဖြစ်ကြောင်းကို ပင်လယ်လမ်းကြောင်းနဲ့နိုင်ငံရဲ့ တိုးတက်မှုမြန်ဆန်တဲ့စီးပွားရေးက သက်သေပြနေပါတယ်။
ဒါကာမြို့အနီးတွင် ပါဒမာမြစ်ကို ဖြတ်ကျော်ဆောက်လုပ်နေသည့် ဘက်စုံသုံးတံတားအား ဆောက်လုပ်ဆဲကာလ ၂၀၂၀ ခုနှစ် သြဂုတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Asia Times |
အရေးပါတဲ့ အခြေခံအဆောက်အဦတွေသာ မရှိခဲ့ရင် ဘင်္ဂလားဒေ့ရှ်အတွက် မြို့တော်ပြင်ပနဲ့ ကမ်းခြေဒေသတွေမှာ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ဖို့ ခက်ခဲပါလိမ့်မယ်။ ဥပမာအားဖြင့် ချောမွေ့တဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အဦတွေ မရှိရင် နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်း ဘန်ဂေါဒေသတွေကို စက်မှုလုပ်ငန်းနယ်ပယ်အဖြစ် အသွင်ပြောင်းနိုင်ခဲ့မှာ မဟုတ်ပါဘူး။
ဒီလစ်ဟာချက်တွေကို ဖြည့်ဆည်းဖို့အတွက် ဖွံ့ဖြိုးရေးဘဏ္ဍာငွေ လိုအပ်ပါတယ်။ တရုတ် ရောက်မလာခင်အထိ ဘင်္ဂလားဒေ့ရှ်ရဲ့ လက်ရှိ ဖွံ့ဖြိုးရေးဘဏ္ဍာငွေ စျေးကွက်ဟာ စီမံကိန်းအများအပြားအတွက် ဒေါ်လာဘီလျံနဲ့ချီ လိုအပ်ချက်ကို စုဆောင်းနိုင်စွမ်း မရှိခဲ့ပါဘူး။ ဒီသဘောကိုနောက်ခံထားပြီး စဉ်းစားရင် ဘင်္ဂလားဒေ့ရှ်ရဲ့ လိုအပ်ချက်နဲ့ ရပ်ဝန်းနဲ့လမ်း စီမံကိန်းအောက်ကနေ ပထဝီစီးပွားရေးကို ချဲ့ထွင်လိုတဲ့ တရုတ်ရဲ့ရည်ရွယ်ချက်တို့ အစပ်အဟပ်ညီသွားတယ်လို့ ပြောရပါမယ်။
ဥပမာတစ်ခုအနေနဲ့ ဖော်ပြရမယ်ဆိုရင် ရပ်ဝန်းနဲ့လမ်းစီမံကိန်း ဘဏ္ဍာငွေနဲ့ ဆောက်တဲ့ ဒါရှာကန်ဒီ ရေဆိုးသန့်စင်စက်ရုံကနေ ရရှိလာတဲ့ အကျိုးအမြတ်အသစ် ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားမှာလိုပဲ မိုးရေနဲ့ နေအိမ်တွေက စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေဟာ ရှေးရိုးစနစ်တွေအရ ရောနှောသွားပြီး အနံ့ဆိုးထွက်ကာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားစေပါတယ်။
အခုတော့ ဒီလို ညစ်ညမ်းရေတွေ ပင်မရေကြောထဲကို ရောနှောမသွားခင်မှာ ရေဆိုးသန့်စင်စက်ရုံအသစ်က သန့်စင်ပေးလိုက်ပြီး အိမ်သုံးအတွက် ပြန်ထုတ်ပေးပါတယ်။ စာရေးသူမြင်တွေ့ခဲ့တဲ့ ဒါရှာကန်ဒီအပြင် နောက်ထပ် ရေဆိုးသန်စင် တရုတ်စက်ရုံတစ်ခုလည်း ဒါကာမှာ ရှိပါသေးတယ်။ ဒီစက်ရုံတွေ ရှိထားတဲ့ အကျိုးကျေးဇူးက တန်ဖိုးဖြတ်မရတဲ့အဆင့် မဟုတ်ရင်တောင် ဘင်္ဂလားဒေ့ရှ်ရဲ့ ကုန်ကျစရိတ်ထက်တော့ ပိုတန်ဖိုးရှိနေတာ အသေအချာပါပဲ။
အခြားသော တရုတ်ရန်ပုံငွေ ဒါမှမဟုတ် တရုတ်အကူအညီပေးထားတဲ့ စီမံကိန်းတွေကနေလည်း ဘင်္ဂလားဒေ့ရှ်ဟာ အကျိုးရနေပါတယ်။ ပါဒမာတံတားဆိုရင် ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းဒေသတွေအတွက် အကျိုးကျေးဇူးတွေ ဆောင်ကြဉ်းပေးနေတာ ဖြစ်ပါတယ်။ ဒီတံတားကို ဘင်္ဂလားဒေ့ရှ်ရဲ့ ကိုယ်ပိုင်ဘဏ္ဍာငွေနဲ့ ပထမဆုံးဆောက်လုပ်တဲ့တံတား ဖြစ်ပြီး တရုတ်အင်ဂျင်နီယာတွေက တရုတ်နည်းပညာကိုသုံးပြီး ဆောက်လုပ်ထားတာပါ။ ဒီတံတားကြောင့် ခရီးလမ်းကြောင်းတွေ သိသိသာသာ ပိုတိုသွားပြီး ဒီဒေသတွေဟာလည်း မြို့တော်ဒါကာနဲ့ တိုက်ရိုက်လမ်းကြောင်း ပေါက်သွားပါတယ်။
ကာနာဖူလီမြစ်အောက်ရှိ ဘန်ဂါဘန်ဒူး ဥမင်လိုဏ်ခေါင်း။ ဓာတ်ပုံ - Pakistan Today |
ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးဟာ ပိုမိုဖွံ့ဖြိုးလာနေပါပြီ။ မျှဝေခြင်း၊ အငှားချခြင်း၊ ထပ်မံအသုံးပြုခြင်း (Reusing)၊ ပြုပြင်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ ပြန်လည်အသုံးပြုခြင်း (Recycling) တို့ပါဝင်တဲ့ စက်ဝန်းစီးပွားရေး (Circular Economy) ကလည်း ပထဝီအနေအထားအရ ပိုမိုကျယ်ပြန့်လာပါတယ်။ ပါဒမာတံတားကြောင့် ပြည်တွင်းရေကြောင်းသွားလာမှုမှာ ဖိအားတွေ လျော့နည်းသွားပြီး သယ်ယူပို့ဆောင်ရေးမှာ အကျိုးအမြတ် အများကြီးပိုရှိလာပါတယ်။
တံတားတစ်စင်းတည်းက တစ်နိုင်ငံလုံးရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် တန်ဖိုး (GDP) ကို ၁ ရာခိုင်နှုန်း တိုးသွားစေပြီး ဆင်းရဲမွဲတေမှုနှုန်းကို ၀.၈၄ ရာခိုင်နှုန်း ကျဆင်းသွားစေတယ် ဆိုတဲ့ ခန့်မှန်းချက်ဟာ မျက်လုံးမျက်ဆန်ပြူးစရာ ဖြစ်ပါတယ်။ အခြားသော တရုတ်ကူ စီမံကိန်းတွေဟာလည်း စက်ဝန်းစီးပွားရေးကို အားသစ်လောင်းဖို့နဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အကျိုးအမြတ် ဖြစ်ထွန်းနေပါတယ်။
ရပ်ဝန်းနဲ့လမ်းနဲ့ အခြားသော တရုတ်စီမံကိန်းတွေဟာ ဘင်္ဂလားဒေ့ရှ်ကို အဆင့်မြင့်နည်းပညာတွေနဲ့လည်း မိတ်ဆက်ပေးနေပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြလို့ရတာက ကာနာဖူလီမြစ်ကြမ်းပြင်အောက်က ဘန်ဂါဘန်ဒူး ဥမင်လိုဏ်ခေါင်း လမ်းကြောင်းပါ။ ဒီမြေအောက်ဥမင်ဟာ ဥမင်တူးစက်ကို ဘင်္ဂလားဒေ့ရှ်မှာ ပထမဆုံး အသုံးပြုတာလည်း ဖြစ်ပါတယ်။
ဒီဥမင်ဟာ ဘင်္ဂလားဒေ့ရှ်မှာ ပထမဆုံး ရေအောက်တူးဖော်မှုလည်း ဖြစ်ပါတယ်။ နိုင်ငံမှာ အခု ရေအောက်ဥမင်တူးစက်တစ်လုံး ရှိနေပြီဖြစ်တဲ့အတွက် နိုင်ငံရဲ့ ပထမဆုံး မြို့တွင်း အမြန်ရထားလမ်း (Metro Rail) အတွက် မြေအောက်တူးဖော်မှုတွေမှာလည်း ဒီနည်းပညာကို အသုံးပြုတော့မှာပါ။
နည်းပညာလွှဲပြောင်းပေးမှုနဲ့အတူ စက်ဝန်းစီးပွားရေးကို အားသစ်လောင်းတာနဲ့ တိုးချဲ့တာ၊ နိုင်ငံရဲ့ ယေဘုယျစီးပွားရေး ဖြစ်ထွန်းလာတာမျိုးအပြင် ရပ်ဝန်းနဲ့လမ်း စီမံကိန်းတွေဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေးကိုပါ အားကောင်းစေပြီး နိုင်ငံအတွက် အကျိုးအမြတ်တွေ ဖန်တီးပေးနေပါတယ်။
ရပ်ဝန်းနဲ့လမ်း စီမံကိန်းတွေက စီးပွားရေး အသားတင်အမြတ်၊ လူနေမှုအဆင့်အတန်း မြင့်မားမှုတွေ ဖန်တီးပေးနေပေမယ့် ဘင်္ဂလားဒေ့ရှ်မှာ ၂၀၁၆ ခုနှစ်နောက်ပိုင်း တရုတ် ထောက်ပံ့မှုတွေ ရုတ်ချည်းမြင့်တက်လာတာဟာ အမေရိကန်အတွက် ဂရုတစိုက် စောင့်ကြည့်ရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဒါကာအနေနဲ့ အင်အားကြီးနိုင်ငံတွေအကြား ဘက်မလိုက်တဲ့မူဝါဒကို ဆက်လက်ထိန်းသိမ်းဖို့ ရည်ရွယ်ထားပေမယ့် ဝါရှင်တန်ကတော့ ဘင်္ဂလားဒေ့ရှ်ကို တရုတ်ယိမ်းနိုင်ငံအဖြစ် မြင်နေပါပြီ။
အပိုဆာဒါး ကုန်ကျစရိတ်တွေ၊ ကြွေးမြီထောက်ချောက်တွေကို ရှောင်ရှားဖို့အတွက် အဓိကကျတဲ့အချက်က ပထဝီနိုင်ငံရေးအရ ဘက်မညီမှုတွေကို ညှိပေးဖို့၊ စီမံကိန်းတွေရဲ့ စီးပွားရေးအလားအလာကို ချင့်တွက်ဖို့နဲ့ ရေရှည်တည်တံ့မယ့် စီမံကိန်းတွေအတွက် ဘဏ္ဍာရေးထောက်ပံ့မှုကို ဆက်လက်ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ စီးပွားရေးအရ အလားအလာမကောင်းနိုင်တဲ့ စီမံကိန်းအများအပြားကို စိစစ်တာ၊ လက်မခံတာ၊ နိုင်ငံရဲ့ အခြေခံအဆောက်အဦ ပြတ်လပ်မှုကို ဖြေရှင်းပေးမယ့် အရေးပါတဲ့ စီမံကိန်းတွေကိုသာ လက်ခံတာ စတဲ့အချက်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အင်အားကြီးတွေကို တစ်နိုင်ငံထက် တစ်နိုင်ငံ ပထဝီနိုင်ငံရေးအရ ပိုအသာရသွားစေမယ့် အခွင့်အလမ်းတွေ မပေးဘဲ နှိုင်းနှိုင်းချိန်ချိန် ဆောင်ရွက်နေတယ်ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။
Asia Times မှာဖော်ပြထားတဲ့ ဒိုရင်းချောင်ဒရီရဲ့ Belt and Road a net benefit for Bangladesh ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။