လတ်တလော မနောခွေ့နေတဲ့ အယ်လ်ဘမ်ပါ။ ၂၀၂၄ မှာထွက်တာ။ Linkin Park လက်ဟောင်းပရိသတ် တွေအတွက် ပိုသဘောကျစရာ ဖြစ်မယ်ထင်တယ်။
လက်ဟောင်းလို့ ဘာလို့သုံးနှုန်းရသလဲ ဆိုတော့ ၂၀၁၀ နောက်ပိုင်းမှ LP ကို ကြိုက်လာသူတွေ အနေနဲ့ ဒီခွေကို အရသာ တွေ့ချင်မှ တွေ့ကြမှာမို့ပဲ။ LP က ရှေ့ပိုင်းမှာ Alternative, Nu Metal နဲ့ Rap Metal ပုံစံတွေ အဓိက လုပ်ခဲ့ပြီး နောက်ပိုင်းမှာ Electro Rock, Electro Pop တွေနဲ့ ပိုလူသိများလာတာ ဖြစ်လို့။
ဒီခွေကို စမြင်တော့ Vocal သံမပါတဲ့ခွေကို ငါက ဘာပြုလို့ နားထောင်ရမှာတဲ့တုန်းလို့ တွေးမိတယ်။ LP ရဲ့ နောက်ပိုင်း ပြောင်းသွားတဲ့ ပုံစံကြောင့် မကြိုက်တော့လို့ နားမထောင်ဖြစ်တာလည်း ကြာပြီလေ။
ဒါပေမဲ့ ရှေ့ဆုံးနှစ်ခွေဖြစ်တဲ့ Hybrid Theory နဲ့ Meteora က သီချင်းတွေကို မြင်တော့ နည်းနည်း စိတ်ဝင်စားမိတယ်။ သူတို့ပေါ်စတုန်းက ကိုယ်သိပ်သဘောကျခဲ့တဲ့ ခွေတွေကို ဘယ်လိုများ ဖန်တီးခဲ့ကြသလဲ၊ Vocal မပါရင် Background သံတွေကို အသေးစိတ် ကြားရမှာပဲလို့ တွေးမိတာနဲ့ နားထောင်ဖြစ်သွားပါတယ်။
အစဉ်လိုက်မဟုတ်ဘဲ Somewhere I Belong ကို ဖောက်နားထောင်လိုက်မိတာနဲ့တင် ငြိပြီ။ “မီမီ .မီ ဆို မီ” ဆိုတဲ့ Intro Riff အသံက ချိုမြပြီး ဝင်ချလာတာပဲ။ အသံအသေးစိတ်တွေ ဖန်တီးထားကြတဲ့ ဦးနှောက်တွေကို အံ့သြမိ။ Vocal မပါဘဲ နားထောင်ရလို့ တစ်ခုခု လိုနေသလို ဖြစ်မနေဘဲ သူ့ချည်းသီးသန့် အရသာတစ်ခု ပေးနိုင်တာ ဖြစ်ပါတယ်။
Breaking the Habit နဲ့ Faint ဆိုရင် အမြင်ကတ်လို့ နားမထောင်ဖြစ်တဲ့ သီချင်းတွေပါ။ ခု Vocal မပါဘဲ နားထောင်ရတော့ Composition တွေကို တော်တော် အရသာတွေ့နေမိတယ်။
တစ်ခွေလုံး ကြိုက်တာတော့ မဟုတ်။ အစမှာ ပြောခဲ့သလိုပဲ။ ကိုယ်က ရှေ့ပိုင်းခွေတွေ လောက်ပဲ သဘောကျခဲ့တာဆိုတော့ ခုခွေမှာလည်း နောက်ပိုင်းထွက်တဲ့ Castle of Glass, Burn it Down လို Electro တွေကို ခံတွင်းမတွေ့တော့ဘူး။
ဒီခွေကို ဖုန်းစပီကာ၊ ကွန်ပျူတာ စပီကာတွေနဲ့ ဖွင့်လို့တော့ ဘာမှ အရသာ တွေ့မယ်မဟုတ်ပါ။ ဒရမ်နဲ့ဘေ့စ်ပေါင်းပြီး ပျော့ပျော့အိအိလေး ဝင်လာတဲ့ နေရာတွေ၊ DJ Scratching တွေ ရှိတယ်။ In the End မှာဆိုရင် လင်းခွင်းအသံ (Shell လို့ခေါ်ကြတဲ့ဟာလား မသိ၊ ကျွန်တော် မခေါ်တတ်ပါ) ကို စပီကာ ဘယ်၊ညာ လှည့်ကစားထားတာတွေ ပါတယ်။ သာမန်ဖွင့်ရုံနဲ့တော့ ဒီအသံတွေကို အရသာ ရဖို့ မလွယ်ဘူး။
ဆောင်းဘောက်အကောင်း မရနိုင်ရင်တောင် နားကြပ် (လော်စပီကာသံ ထုတ်ပေးတဲ့ နားကြပ်မျိုးမဟုတ်ဘဲ ဘေ့စ်အသံ ကောင်းကောင်းထုတ်ပေးတဲ့ နားကြပ်) နဲ့ နားထောင်ကြည့်ပါလို့ အကြံပြုချင်ပါတယ်။
November 11, 2024