မူရင်းဓာတ်ပုံ - Unsplash |
လုပ်သက် ဆယ်နှစ်ကျော်အတွင်း မကြာမကြာ ကြုံရတာတစ်ခုရှိတယ်။ "ဒိုမိန်းတစ်ခု တစ်ဒေါ်လာပဲကျတယ်လို့ ဟိုဝဘ်ဆိုက်မှာ ကြော်ငြာထားတယ်၊ ဟိုသူကတော့ ဝဘ်ဆိုက်အပြီးအစီးကို တစ်နှစ်ကို နှစ်သောင်းနဲ့ လုပ်ပေးမယ်တဲ့" စသဖြင့် Client တွေ လာပြောကြတဲ့ကိစ္စပါ။ ဒါနဲ့ပတ်သက်လို့ လိုရင်းလေးတွေ သိထားသလောက် မျှပါရစေ။ (ဟိုခေတ်တုန်းက အတွေ့အကြုံတွေမို့ စျေးနှုန်းအပါအဝင် တချို့အချက်အလက်တွေကတော့ ခုခေတ်နဲ့ မတူတော့ပါ။)
ဝဘ်ဆိုက်တစ်ခု အပြီးအစီး နှစ်သောင်း
ဝဘ်ဆိုက်တစ်ခု ကိုယ်ပိုင်ထားတော့မယ်ဆိုရင် စဉ်းစားရမယ့် အချက်တွေ အများကြီးရှိမှာပါ။ ဒီအထဲမှာ ကိုယ့်ဆိုက်က ဘယ်လိုဆိုက်မျိုးလဲ၊ ဘာတွေတင်မလဲ၊ File Transfer တွေများမှာလား၊ တစ်ခါတင်လိုက်ပြီး တစ်နှစ်လောက် လှည့်ကြည့်စရာမလိုတော့တဲ့ Content တွေလား၊ သတင်း ဝဘ်ဆိုက်လို စျေးရောင်း ဝဘ်ဆိုက်လိုမျိုး အမြဲတမ်း content update လုပ်နေမှာလား၊ တစ်နေ့ လူဘယ်လောက်ဝင်ကြည့်မလဲ၊ ပို့စ်တွေကို ဖေ့စ်ဘုတ်မှာ Share မလား၊ ကိုယ် Share မယ့် ဖေ့စ်ဘုတ် Page ကကော လူဝင်များသလား.. ဒါမျိုးတွေပါ ထည့်တွက်ဖို့ လိုပါတယ်။
တစ်ရက်ကို လူငါးဆယ် ဝင်ကြည့်တာချင်း တူရင်တောင် အဲဒီလူငါးဆယ်က တစ်ပြိုင်တည်း (ဥပမာ - Facebook ပေါ်ကို Share လိုက်တဲ့ လင့်ကတစ်ဆင့်) ဝင်ကြည့်တာလား၊ တစ်နာရီကို ငါးယောက်နှုန်းနဲ့ ဆယ်နာရီအတွင်း ဝင်ကြည့်ကြတာလား စသဖြင့် ကွာခြားပါသေးတယ်။
ခြံဝယ်ရင် အကျယ်အဝန်းရှိသလို အိမ်ဆောက်ရင် အလေးချိန်ခံနိုင်အား ရှိသလိုပဲ ဝဘ်ဆိုက်မှာလည်း ဆိုက်ပေါ်မှာထားမယ့် ဖိုင်တွေ ပိုများရင်များသလောက်၊ အဲဒီဖိုင်တွေ ကြီးရင်ကြီးသလောက်၊ Function များရင် များသလောက်၊ လူဝင်ကြည့်နှုန်း များရင်များသလောက် ပိုက်ဆံ ပိုပိုအကုန်ကျခံပြီး ဝယ်ရပါတယ်။
နောက်တစ်ခုက ဝဘ်ဆိုက်လက်ပြောင်းလက်လွှဲပါ။ ဒီနှစ်မှာတော့ ဒီကုမ္ပဏီနဲ့ လုပ်မယ်။ နောက်နှစ်ကျ မကြိုက်တော့လို့ နောက်ကုမ္ပဏီနဲ့ ပြောင်းလုပ်မယ် ဆိုရင် အပေါ်ကပြောခဲ့တဲ့ ဒိုမိန်းလို ဆာဗာလိုဟာမျိုးတွေကို လူဟောင်းကနေ လူသစ်ဆီ လွှဲယူရပါတယ်။ အပေါ်က ကြော်ငြာမှာလို နှစ်သောင်းတန်တွေမှာ ဒါတွေအတွက် စီစဉ်ထားပေးတာမျိုး မမြင်ဖူးသေးပါ။
ဒါဟာ ဆိုက်အဟောင်းတွေ လက်ခံတိုင်း စိတ်ညစ်ရ စိတ်ပင်ပန်းရတဲ့ကိစ္စ ဖြစ်ပါတယ်။ ကုမ္ပဏီတွေ၊ Developer တွေဟာ သူတို့ရေးထားတဲ့ ဝဘ်ဆိုက်တွေ၊ သူတို့ကိုင်ထားတဲ့ ဒိုမိန်းတွေကို သူများကို လွှဲပေးရတိုင်း (အကြောင်းအမျိုးမျိုးကြောင့်) စိတ်လက် မကြည်မသာ ဖြစ်ပြီး (ပညာပြတယ် ခေါ်ချင်ခေါ်) ပုံစံမျိုးစုံနဲ့ လေးဖင့်နေတတ်ကြပါတယ်။ ကိုယ်က သူပေးမှရမယ့်သူ ဖြစ်နေတော့ ဒါကို စိတ်ရှည်ရှည်နဲ့ သည်းခံဆက်ဆံရပါတယ်။
ဝဘ်ဆိုက်တစ်ခု နှစ်သောင်းဆိုတာ အပေါ်က ပြောခဲ့တဲ့ အချက်တွေရဲ့ အနိမ့်ဆုံးလိုအပ်ချက် လောက်ကိုပဲ အလုပ်ဖြစ်ရုံ ဖြည့်ဆည်းထားတာ ဖြစ်ဖို့ များပါတယ်။
ဒိုမိန်းတစ်လုံး တစ်ဒေါ်လာ
ဒိုမိန်း ကြော်ငြာတွေမှာ တွေ့ရတတ်တဲ့ စာပါ။ ဒီလိုစာမျိုးတွေမြင်ရင် ဆက်စဉ်းစားရမှာရှိပါတယ်။ တစ်ဒေါ်လာဆိုတာ နှစ်တိုင်းဒီစျေးလား။ တခြားထပ်ဖြည့် ကုန်ကျစရိတ်တွေ ရှိဦးမှာလား.. စသဖြင့်။
မြင်ဖူးသလောက်ကတော့ တစ်နှစ် ၁၅ ဒေါ်လာ ကျတာကို ပထမဆုံးနှစ်မှာ ၃ ဒေါ်လာနဲ့ ပေးပြီး ဒုတိယနှစ်ကနေ နှစ်စဉ် ၂၀ လောက်စီ ပေးရတာမျိုးပါပဲ။
.art ဒိုမိန်းကို ပထမနှစ်မှာ ၂ ဒေါ်လာလောက်နဲ့ ပေးထားတဲ့ ကြော်ငြာပါ။ နောက်နှစ်တွေမှာ ၂၈ ဒေါ်လာလောက် ဖြစ်သွားတာ။ |
ဒိုမိန်းဝယ်ရင် ဒိုမိန်းတစ်ခုတည်းနဲ့ မပြီးပါ။ Whois လိုမျိုး တခြား အတိုအထွာ ကုန်ကျစရိတ်တွေ သုံးရပါသေးတယ်။ Secure HTTP (https) လည်း ဒီဘက်ခေတ်မှာ မသုံးလို့မရတော့ဘူး။ ဒီအတွက်လည်း ကုန်ပါသေးတယ်။ လိုရင်းကတော့ "တစ်ဒေါ်လာလို့ရေးထားတိုင်း တစ်ဒေါ်လာတည်းနဲ့ မပြတ်" ဆိုတာပဲ ဖြစ်ပါတယ်။
နောက်တစ်ခုက အသစ်အဆန်း extension တွေဖြစ်ပါတယ်။ ဥပမာ .xyz နဲ့ .click လိုမျိုးတွေပါ။ ဒါတွေဟာ ပထမဆုံးနှစ်မှာသာ ပရိုမိုးရှင်းတွေနဲ့ ပေါင်းပြီး ၁ ဒေါ်လာ ၂ ဒေါ်လာနဲ့ရတာပါ။ နောက်နှစ်တွေက ၁၀ ကျော်သွားပါပြီ။
ဒီလိုအဆန်းတွေ သုံးရင် ထည့်တွက်ရတာက လူတွေရဲ့ မသိစိတ်ပါ။ လူတွေရဲ့စိတ်မှာ ဒါမျိုးအဆန်းနာမည်တွေကို .com, .org တွေလောက် ယုံလေ့မရှိပါ။ မြန်မာနိုင်ငံမှာဆိုရင် ဖုန်းအစိမ်းတစ်လုံး ဝင်လာရင် အူရီဒူး အက်တမ်တို့ထက် အမ်ပီတီဆိုရင် ဖုန်းလက်ခံဖြေကြားနိုင်ခြေ ပိုများပါတယ်။ ဒီလိုပဲ နံပါတ် ၁၁ လုံးဖုန်းထက် ၉ လုံးဖုန်းတွေ၊ ၆ လုံးကြိုးဖုန်းတွေကို လူတွေ ပိုယုံလေ့ရှိပြီး ဖုန်းကိုင်ဖြေဖို့ ရာနှုန်း ပိုများပါတယ်။ ဒိုမိန်း extension အဆန်းတွေ လျှောက်ဝယ်ရင် ဒီသဘောကိုလည်း ထည့်တွက်ပါ။
ဒိုမိန်းတွေအတွက် ကျွန်တော်အရင်က Name ကိုသုံးပါတယ်။ ပထမဆုံး လက်ခံပြီး အလုပ်လုပ်ဖူးတဲ့ ဝဘ်ဆိုက်ရဲ့ ဒိုမိန်းကို Name အကောင့်ဖွင့်ပြီး လက်လွှဲယူရတာကနေ နောက်ပိုင်း ဆက်သုံးဖြစ်သွားတာပါ။ နောက်ပိုင်း သိပ်မသုံးဖြစ်တော့ပါ။ တစ်ခုခု စိတ်တိုင်းမကျခဲ့ဘူး ဆိုတာပဲ မှတ်မိတော့တယ်။ အသေးစိတ် မမှတ်မိတော့ဘူး။ Name နဲ့အတူ တွဲသုံးခဲ့တာက Go Daddy ပဲ။ မကြိုက်ပါ။ ကြော်ငြာသိပ်များပါတယ်။ သူ့ဆီဝင်လိုက်တာနဲ့ ကြော်ငြာတွေ စုံပလုံပြတာ၊ အသစ်ဆိုရင် စျေးနှုန်းတွေ အလွန်အကျွံ လျှော့ချပြီး နောက်နှစ်ကျ ပုံမှန်စျေးတွေထက် ပိုပေးရတာ၊ Domain Transfer ကိစ္စတွေမှာ ရှင်းရှင်းလင်းလင်း မဖြစ်တာ စတာမျိုးတွေကြောင့်ပါ။
ကိုယ်တိုင် အသစ်ဝယ်ရရင် အဓိက သုံးတာက namecheap ဖြစ်ပါတယ်။ သူများတွေထက် စျေးနည်းနည်း ပိုများပါတယ်။ ဒါပေမဲ့ ကြော်ငြာတွေ စုံပလုံနဲ့ မျက်စိရှုပ်ရတာမျိုး မရှိသလို စျေးကိုလည်း အလွန်အမင်း ကစားတာမျိုး မလုပ်ပါ။ User Interface တွေလည်း ရိုးရှင်းပါတယ်။
ခုတော့ ဒီလောက်နဲ့ ဒီစာကို ရပ်ပါဦးမယ်။
ဒီစာက ဆရာကြီးတွေအတွက် မဟုတ်ပါ။ ကိုယ့်ဟာကိုယ် လျှောက်လုပ်ခဲ့တုန်းက ဘာမဟုတ်တာလေးတစ်ခုကို သိရဖို့ ရက်ပေါင်းများစွာ ငွေကုန်အချိန်ကုန် စမ်းခဲ့ရတာတွေကို သတိရလို့ လျှောက်ရေးမိတာ။ စမ်းလုပ်နေဆဲ ဝါသနာရှင်တွေများ ဖတ်မိခဲ့လို့ တစွန်းတစ အကျိုးရှိတယ်ဆိုရင် ကောင်းပါသလေ့။
ကျော်ထွန်းခိုင်
<၂၀၂၃၊ စက်တင်ဘာ ၇>