စံပယ်ဖြူနုရဲ့ အရိပ်လေးဆယ်စာအုပ် ဒုတိယအကြိမ်ထုတ် မျက်နှာဖုံး။ |
“အခုခြေလှမ်း ၄၀ ကနေ နောက်ထပ် ဘယ်နှလှမ်း လှမ်းရဦးမလဲမသိ၊ မသိတာကိုက လူ့ဘဝမှာ နေထိုင်ရခြင်းရဲ့ အမှတ်အသားတစ်ခုတဲ့ - စာရေးဆရာမက ဆိုလေတယ်။ သူ့အမေကတော့ သူ့ကို 'အနှစ် ၄၀ ဆိုတာ မနေ့တနေ့ကလိုပဲ' လို့ ပြောသတဲ့”
ရသစာဆိုတာ အကြောင်းအရာတစ်ခုခု၊ အာရုံတစ်ခုခုကို ရသပါအောင် ထည့်ရေးတဲ့စာလို့ ထင်တာပါပဲ။ ဒီဘက်ခေတ်မယ် ရသစာပုံစံမျိုးနဲ့ ထွက်လာတဲ့ စာအသစ်တွေကို ကြည့်ရင်လည်း အများစုက အတွေ့အကြုံ၊ ဖြစ်ရပ်၊ ခံစားမှုတစ်ခုခုကို ချရေးထားတာများမယ် ထင်ပါတယ်။ ရသ သိပ်ပါမလာတော့ဘူး။ လူတွေကလည်း သိပ်ဂရုမစိုက်ကြတော့ဘူး။ ရှည်ရှည်ဝေးဝေး ရေးတဲ့စာတွေကိုလည်း အာရုံစိုက်ပြီး ဖတ်နိုင်အား နည်းလာကြတယ်။ ဆိုရှယ်မီဒီယာရဲ့ ဘေးထွက်ဆိုးကျိုးလို့ ပြောရမလားမသိ။
ခုဖတ်နေရတဲ့ ရသစာတွေကလည်း အရင်က ထွက်ခဲ့တဲ့ စာအဟောင်းတွေကို ပြန်ထုတ်နေကြတာပဲ များတယ်။ ခေတ်ပြိုင် ရသစာအသစ်တွေကို ဖတ်ချင်လို့ လိုက်ရှာပေမယ့် များများစားစား မတွေ့ဘူး။ အရိပ်လေးဆယ်ကို မြည်းကြည့်တော့ လိုချင်တဲ့ပုံစံမျိုး ဖြစ်နေတာမြင်လို့ ဝယ်ခဲ့လိုက်တယ်။ အရင်က ကြားဖူးတုန်းက ဒီစာအုပ်ကို ဝတ္ထုရှည်လို့ ထင်နေခဲ့တာ။ ခုမြင်မှ ရသစာတွေစုထားတာမှန်း သိတော့တယ်။ စာရေးဆရာမ စံပယ်ဖြူနုရဲ့ နာမည်ရင်းက ဖြူနုတဲ့။ ကချင်မှာ ၁၉၈၀ ကမွေးတယ်။ ၂၀၂၀ ခုနှစ် ဆိုရင်သူ့အသက် ၄၀ ပေါ့။ ၄၀ ပြည့်ခါနီး လပိုင်းအလိုမှာ သူ့စိတ်ထဲ ထူးထူးဆန်းဆန်း အာရုံခံစားမှုတစ်ခု ရမိသတဲ့။ ထူးထူးဆန်းဆန်းဆိုလို့ အကြားအမြင်ပေါက်သလို မျိုးတော့ မဟုတ်ပါဘူး။ ဘဝမှာ အနှစ်လေးဆယ်တောင် နေခဲ့ပြီလို့ တွေးမိတာလား၊ ငါ့အတွက် အချိန်ဘယ်လောက်များ ကျန်သေးလဲလို့ စဉ်းစားမိတာလား စသဖြင့် ဝါးတားတား ခံစားမှုမျိုးကို ဆိုလိုတာပါ။ ဒါနဲ့ပဲ စာအပုဒ် လေးဆယ်ရေးမယ်လို့ စိတ်ကူးမိသတဲ့။ ဟိုအကြောင်း ဒီအကြောင်းရယ် လို့မဟုတ်။ စိတ်ကူးပေါ်ရာ အပုဒ်လေးဆယ် ပေါ့လေ။ ဒါနဲ့ပဲ ဒီစာအုပ် ထွက်လာတယ်ပေါ့။ အခုခြေလှမ်း ၄၀ ကနေ နောက်ထပ် ဘယ်နှလှမ်း လှမ်းရဦးမလဲမသိ၊ မသိတာကိုက လူ့ဘဝမှာ နေထိုင်ရခြင်းရဲ့ အမှတ်အသားတစ်ခုတဲ့ - စာရေးဆရာမက ဆိုလေတယ်။ သူ့အမေကတော့ သူ့ကို 'အနှစ် ၄၀ ဆိုတာ မနေ့တနေ့ကလိုပဲ' လို့ ပြောသတဲ့။ အမှန်က စံပယ်ဖြူနုရဲ့ 'မြို့ကလေးနေမကောင်းပါ' စာအုပ်ကို ဝယ်ချင်နေတာ ကြာပြီ။ စာအုပ်ဆိုင်ရောက်တိုင်း ကောက်ကိုင်ကြည့်မိ၊ လှန်ကြည့်မိတယ်။ စာရွက်အသားတွေက ပွပွနဲ့ ဆွေးလွယ်တဲ့ အသားမျိုးမို့ မဝယ်ဖြစ်တာ။ ခုစာအုပ်ကျ စာရွက်အသားက အဆင်ပြေတဲ့အတွက် တန်းဝယ်ဖြစ်သွားတယ်။ အမှာစာကို ဖတ်ရသလောက် ဆိုရင် ပထမအကြိမ် ထွက်တုန်းက အတွင်းမှာ သရုပ်ဖော်ပုံတွေ ပါခဲ့ပုံပဲ။ ဒုတိယအကြိမ်မှာတော့ ပါမလာတော့ဘူး။ ရသစာဟာ သရုပ်ဖော်ပုံ ကောင်းရင်ကောင်းသလောက် ပိုအသက်ဝင်တယ်လို့ ထင်မိတယ်။ ဒီစာအုပ်ကို ၂၀၂၁ မှာ ပထမအကြိမ်ထွက်တယ်။ ၂၀၂၃ ဇွန်လမှာ ဒုတိယအကြိမ် ထွက်တယ်။ မဟာစာပေက ထုတ်တာ။ ၂၁၈ မျက်နှာ၊ ၆၀၀၀ ကျပ်။ ၂၀၂၃ စက်တင်ဘာ